မန်ယူအသင်း၏ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားက နယူးကာဆယ်အသင်းကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့သည့် ပွဲအပြီး၌ မန်ယူအသင်းတွင် အလွန်ကောင်းမွန်သည့် ကစားသမားစုဖွဲ့မှုရှိနေသည်ဟု ဆိုခဲ့ပြီး အသင်းမှ ပြန်မထွက်သွားလိုကြောင်းနှင့် အမြဲတမ်းနည်းပြဖြစ်လာရန် ဆန္ဒရှိနေကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဆိုးလ်ရှားသည် ယင်းပွဲတွင် မန်ယူအသင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် မန်ယူအသင်းသမိုင်းတွင် ဆာမတ်ဘတ်စ်ဘီ နောက်ပိုင်း အဖွင့် (၄)ပွဲဆက်နိုင်ပွဲရသည့် နည်းပြတစ်ဦးဖြစ်လာခဲ့သည်။ သူသည် ယင်း(၄)ပွဲတွင် သွင်းဂိုး (၁၄)ဂိုးအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မန်ယူအသင်း၏ တစ်ပွဲပျမ်းမျှသွင်းဂိုးအရေအတွက်မှာလည်း မော်ရင်ဟိုလက်ထက်က တစ်ပွဲပျမ်းမျှ (၁.၇၀)ဂိုးသာ ရရှိခဲ့ရာမှ ၎င်းလက်ထက်တွင် တစ်ပွဲပျမ်းမျှ (၃.၅)ဂိုးအထိ မြင့်တက်လာခဲ့သည်။
မန်ယူအသင်းကစားသမားများဖြစ်သည့် ပေါ့ဘာ၊ လင်ဂတ်တို့က ဆိုးလ်ရှားလက်ထက်တွင် မိမိတို့အသင်းတိုက်စစ်ကို ပိုမိုလိုက်ပါ ကစားခွင့်ရကာ အသင်းကို ပိုမိုတိုးတက်လာစေသည်ဟု ချီးကျူးခဲဲ့ကြပြီး အနာဂတ်အသင်းနည်းပြ ရာထူးအတွက်လည်း ထောက်ခံပြောဆိုမှု များပြုလုပ်ခဲ့ကြသည်။
ယခုအခါ ဆိုးလ်ရှားကိုယ်တိုင်ကလည်း "အရန်ခုံတန်းမှာ အလွန်ထူးချွန်တဲ့ကစားသမားတွေရှိနေတာ၊ ပတ်ဝန်း ကျင်အခြေအနေ အရမ်းကောင်းနေတာတွေက ကျေနပ်စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်တစ်ပွဲတိုင်းကတော့ ခြားနားပါတယ်။ ကျွန်တော် ဒီအသင်းမှာ ရှိနေသမျှ ကျွန်တော်လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးသွားမှာဖြစ်ပြီး ဒီပုံစံအ တိုင်းကစားနိုင်ရင် နောက် (၄)ပွဲဆက်လည်း အနိုင်ရနိုင်ပါတယ်။ ဒါ ဟာ ကျွန်တော့်အတွက် စိန်ခေါ်မှုဖြစ်ပြီး ဒီလိုစိန်ခေါ်မှုတွေကို ဆာအဲလက်စ်နဲ့အတူ ရင်ဆိုင်ခဲ့ဖူးပြီးသားပါ။ ကျွန်တော်ဒီအသင်းက ထွက်မသွားချင်ပါဘူး။ ဒီရာထူးကို ဆက်လက်ဆောင်ရွက်သွားလိုပါတယ်"ဟု ဆိုခဲ့သည်။