အနုပညာရှင်များ၏ ဝတ်စားဆင်ယင်မှု ဖက်ရှင်ဒီဇိုင်းများတွင် ၂၀၁၈ ခုနှစ်အတွင်း အငြင်းပွားဝေဖန် ခံရမှုအများဆုံး ဝတ်ဆင်မှုများနှင့် ပရိသတ်များက စောင့်ကြည့်ဝေဖန်ခဲ့ကြသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် ဖက်ရှင်ရွေးချယ်မှုများအကြောင်းအား ရွေးချယ်ဖော်ပြအပ်ပါသည်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ယခုနှစ်အတွင်း ပွဲတက်ဖက်ရှင်များ၊ ကြော်ငြာရိုက်ကူးမှု ဓာတ်ပုံများတွင် ခန္ဓာကိုယ်အလှအပကို အသားပေးဖော်ပြသည့် ဝတ်စုံများ ဝတ်ဆင်တက်ရောက်ရိုက်ကူးခဲ့သဖြင့် ဝေဖန်မှုများပြားခဲ့သည်။
ယင်းသို့ရိုက်ကူးမှုအတွက် ဝေဖန်မှုများရှိသော်လည်း အားပေးသည့် ပရိသတ်အချို့လည်းရှိနေခဲ့သည်။ ဖိုးလပြည့်၏ Cover Song သီချင်းတစ်ပုဒ်၏ Music Video တွင် သင်ဇာဝင့်ကျော်နှင့် ထိုင်းမင်းသမီးကရာဗီတို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုပါ Music Video တွင် သရုပ်ဆောင်ခဲ့သည့် ယဉ်ကျေးမှုနှင့်မလျော်ညီသည့် သရုပ်ဆောင်ကွက်အချို့ကြောင့် ပရိသတ်များကြားတွင် ပိုမိုဝေဖန်စရာဖြစ်စေခဲ့သည်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ခေါ်ယူသတိပေးခဲ့သည်။
သင်ဇာဝင့်ကျော်က ဖက်ရှင်ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ “သင်ဇာ ဘယ်လိုရူးရူး လိုက်ပြီးရူးပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ သင်ဇာက အနုပညာရှင်ဖြစ်တဲ့အတွက် ကိုယ့်ကိုပရိသတ်က စောင့်ကြည့်နေမှာပဲလေ။ အဲဒီအတွက် ဇာတ်ကားရိုက်ပြီဆိုရင်လည်း ဇာတ်ကားထဲမှာ ကိုယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ လိုက်အောင်ဝတ်ရပါတယ်။ အပြင်မှာကတော့ အခမ်းအနား၊ ပွဲလမ်းပေါ်မူတည်ပြီးတော့ ဝတ်ဆင်ပါတယ်။ အလှအပနဲ့ ဖက်ရှင်ကို ဦးစားပေးတဲ့ပွဲမျိုးမှာတော့ သဘောကျတဲ့ ဖက်ရှင်မျိုး ကိုဝတ်ဖြစ်မှာပဲလေ။ Sexy ကျတဲ့အဝတ်အစားမျိုး ကြိုက်တဲ့အချိန်ဆိုလည်း အဲဒီလိုမျိုးဝတ်ဖြစ်မှာပဲ။ ကိုယ်သဘောကျတဲ့ဖက်ရှင်ကိုပဲ ဦးစားပေးရွေးချယ်မှာပါ” ဟုဆိုသည်။