ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို နှစ်ဖက်ပရိသတ်များ ပြင်းထန်သောအားပေးမှုများဖြင့် ပရိသတ် စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် Myanmar Idol ပြိုင်ပွဲ၏ ဂယက်အား ယခုနှစ်အတွင်း ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ် စိတ်ဝင်စားအားပေးမှု မြင့်မားသည့် ပြိုင်ပွဲတစ်ခုဖြစ်ကာ မိမိနှစ်သက်သည့် ပြိုင်ပွဲဝင်ကို မဲအကန့်အသတ်မရှိ ပေးခွင့်ရသည့် ပြိုင်ပွဲဖြစ်ခြင်းကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ ယခုနှစ်တွင် Top 11 ပြိုင်ပွဲစတင်ကတည်းကပင် ပရိသတ်အားပေးမှု မြင့်မားခဲ့သည့် ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုနှင့် ဖြိုးမြတ်အောင်တို့၏ နှစ်ဖက်ပရိသတ်များ အပြိုင်အဆိုင်အားပေးကြမှုကြားတွင် ပြိုင်ပွဲဝင်များသည်လည်း စိတ်ဖိစီးမှုများဖြစ်ပေါ်ခဲ့ပြီး Grand Final ပြိုင်ပွဲတွင် Top 2 ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုမှာ ဆေးရုံတက်ရောက်နေရသဖြင့် ကျန်ရှိသည့် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်တစ်ဦး တည်းသာ ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုရရှိခဲ့သည့် ပြိုင်ပွဲလည်း ဖြစ်သည်။
ယခုနှစ်တွင်ကျင်းပခဲ့သည့် Myanmar Idol သီချင်းဆိုပြိုင်ပွဲတွင် အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြသူများထဲမှ Top 11 ရွေးချယ်ကာ အပတ်စဉ်မတူကွဲပြားသည့် Theme များဖြင့် ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ယှဉ်ပြိုင်မှုများအပြီးတွင် ပရိသတ်များထံမှ Voting များကောက်ခံခဲ့ပြီး Voting အနည်းဆုံး ပြိုင်ပွဲဝင်အား ပြိုင်ပွဲမှ ထွက်ခွာစေခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲကာလတစ်လျှောက်လုံးတွင် ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုနှင့် ဖြိုးမြတ်အောင်တို့ နှစ်ဦးစလုံးမှာ ပရိသတ်အားပေးမှု များပြားသူများဖြစ်ကာ မဲပေးမှုမှာလည်း တစ်ဦးချင်းစီမှ မဲအရေအတွက် ထောင်သောင်းချီပေးသည်အထိ မြင့်မားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုနှင့် ဖြိုးမြတ်အောင်တို့ နှစ်ဦးစလုံးမှာ ဂီတလုပ်ငန်းများ အသီးသီးလုပ်ကိုင်လျက်ရှိသည်။