မြန်မာ့ရုပ်ရှင်တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည့် ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကား

မြန်မာ့ရုပ်ရှင်တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည့် ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကား
Published 1 January 2019
စုမှူးနိုင်

မြန်မာ့ရုပ်ရှင်တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည့် ‘မုန်းစွဲ’ ရုပ်ရှင်ကို Weekly Eleven Journal ၏ ၂၀၁၈ ခုနှစ်အတွက် ထင်ရှားကျော်ကြားကဏ္ဍတွင် အောင်မြင်သည့် မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

နိုဝင်ဘာ ၁၆ ရက်တွင် စတင်ပြသခဲ့သည့် ‘ မုန်းစွဲ’ ရုပ်ရှင်သည် စင်ကာပူ နိုင်ငံတွင် မြန်မာနှင့် ရုံတင်ရက်တစ်ပြေးညီ ပြသသည့် ပထမဆုံးမြန်မာရုပ်ရှင် ဖြစ်ခဲ့သည်။ ထို့ပြင် ရုံတင်ပြသမည့် နိုဝင်ဘာ ၁၆ ရက်မတိုင်မီ သုံးရက်ခန့် ကတည်းက မြန်မာနိုင်ငံတစ်ဝန်းမှ ပြသမည့် ရုပ်ရှင်ရုံများတွင် ပရိသတ်များက ကြိုတင်လက်မှတ်များကို တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ရသည့် ဇာတ်ကားလည်းဖြစ်ခဲ့သည်။ ရုံတင်ပြသသည့် ပထမရက်သတ္တပတ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံပေါင်း ၆၉ ရုံ၌ ပြသခဲ့ပြီး ဒုတိယပတ်တွင်လည်း စံချိန်တင် ရုံတင်အရေအတွက်အဖြစ် ရုပ်ရှင်ရုံပေါင်း ၆၃ ရုံ၊ တတိယပတ်၌ ရုပ်ရှင်ရုံပေါင်း ၂၇ ရုံ၊ စတုတ္ထပတ်၌ ရုပ်ရှင်ရုံပေါင်း ၃၃ ရုံ၊ ပဥ္စမရုပ်ရှင်ရုံပေါင်း ၁၈ ရုံတို့၌ ဆက်တိုက်ပြသခဲ့ရပြီး ပရိသတ်အားပေးမှု များပြားသည့် အတွက်ရုပ်ရှင်ရုံ အချို့တွင် ဆဋ္ဌမမြောက်ရက်သတ္တပတ်အထိ ဆက်လက်ပြသခဲ့ရသည်။

‘မုန်းစွဲ’ ရုပ်ရှင်ကို ပြည်တွင်း၌သာမက စင်ကာပူနိုင်ငံတို့တွင်လည်း ပရိသတ်အားပေးမှု များပြားသည့်အတွက် Midnight Show ပွဲချိန်အများအပြားကို ပြသခဲ့ရသည်။ ထို့ပြင် ဝင်ငွေအများဆုုံး မြန်မာရုပ်ရှင်ကို ဦးဆောင်ခဲ့သည့် ဟာသဇာတ်ကားများ၏ ဝင်ငွေစံချိန်များကို ကျော်ဖြတ်ကာ ‘မုန်းစွဲ’ ဇာတ်ကားက လက်ရှိအချိန်အထိ မြန်မာရုပ်ရှင် ဇာတ်ကားများတွင် စံချိန်တင် ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

“အစ်ကိုတို့ 7th Sense ထုတ်လုပ်ရေးအတွက် ကြိုးစားခဲ့ရသလို ရလဒ်ကောင်းတွေလည်းရခဲ့တဲ့ ဇာတ်ကားပါ။ လိုအပ်ချက်တွေအပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ကျေးဇူးတင်စွာလက်ခံပြီး ဆက်ကြိုးစားသွားမှာပါ။ အားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု 7th Sense Film Production မှ Director ကိုဝေမင်းမောင်က ဆိုသည်။

‘မုန်းစွဲ’ ဇာတ်ကားသည် ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားသည့် ဖြစ်ရပ်မှန်တရားတော်ကို လွင်မင်းအံ့က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ သြရသက ရိုက်ကူးထားသည်။ ယင်းဇာတ်ကားအတွက် DOP ကိုဝင်းလွင်ထက်က တာဝန်ယူထားခြင်းဖြစ်သည်။

“သေချာတာကတော့ ‘မုန်းစွဲ’ ဇာတ်ကားအတွက် ကျွန်တော်ရိုက်နေကျ ဇာတ်ကားတွေထက် ပြင်ဆင်မှုတွေ ပိုလုပ်ခဲ့ရတယ်။ ဇာတ်ရဲ့လိုအပ်ချက်အရရော အများကြီး ပြင်ဆင်ခဲ့ရသလို ဘယ်အရာတစ်ခုကိုမှ လျှော့ပြီးလုပ်ခဲ့ တာမျိုးမရှိဘူး။ ဇာတ်အပေါ်မှာလည်း အားလုံးကစေတနာအပြည့်အဝနဲ့ သေသေချာချာ ပြင်ဆင်ပြီးတော့ မခိုမကတ်ဘဲ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုအပေါ်မှာ ပရိသတ်တွေက အသိအမှတ်ပြုတဲ့အတွက်ရော ဇာတ်အပေါ်မှာ တကယ်ကို အားပေးကြည့်ရှုကြတဲ့အတွက်ပါ အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ဒါရိုက်တာသြရသက ဆိုသည်။

‘မုန်းစွဲ’ ဇာတ်ကားတွင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နှင့်အတူ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ထားသည်။

Most Read

Most Recent