၂၀၁၈ ခုနှစ်အတွင်း ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုအဖြစ် သရုပ်ဆောင် မင်းသွေး ရုတ်တရက်ကွယ်လွန်သွားမှုကို ထည့်သွင်းဖော်ပြအပ်ပါသည်။ လူငယ်သရုပ်ဆောင် မင်းသွေးသည် အောက်တိုဘာ ၃ ရက်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၃၃ နှစ်သာရှိသေးပြီး ၎င်းကြိုးစားအားထုတ်ထားသည့် အနုပညာဖန်တီးမှုများ အကောင်အထည်ပေါ်လာတော့မည့်အချိန်တွင် ကွယ်လွန်သွားခဲ့ရသည့်အတွက် ပရိသတ်များနှင့် အနုပညာရှင်များက ကြေကွဲဝမ်းနည်းခဲ့ရခြင်းဖြစ်သည်။ သရုပ်ဆောင်မင်းသွေးသည် အကယ်ဒမီနေတိုး၏ ညီအရင်းဖြစ်ကာ လူချစ်လူခင်ပေါများသည့် သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည်။
သရုပ်ဆောင်မင်းသွေးသည် အစ်ကိုဖြစ်သူ အကယ်ဒမီနေတိုး၏ နောက်မှ အနုပညာလောကအတွင်းသို့ ဝင်ရောက်လာခဲ့သူဖြစ်သော်လည်း ကိုယ်ပိုင်အရည်အချင်းဖြင့် ရပ်တည်နိုင်ရန် ကြိုးစားနေခဲ့သူဖြစ်သည်။ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံးပါဝင်ကာ ဇာတ်ကားအစအဆုံး ဖန်တီးမှုတွင် ပါဝင်အားထုတ်ထားသည့် ‘သတ်ကွင်း’ ဇာတ်ကား ရုံတင်ပြသနိုင်ရန် စောင့်ဆိုင်းနေချိန်တွင်ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် မင်းသွေးသည် အောက်တိုဘာ ၃ ရက် ညနေ ပိုင်းတွင် စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ လာပြီးနောက် သူငယ်ချင်းများနှင့် ဘောလုံးကစားရင်း ရုတ်တရက်အမောဖောက် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။
သရုပ်ဆောင်မင်းသွေး၏ နာရေးအစီအစဉ်အား ရန်ကုန်မြို့ ရေဝေးသုသာန်၌ ကျင်းပခဲ့ပြီး အနုပညာရှင်အများအပြားနှင့် ပရိသတ်များက လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ထို့နောက်ကွယ်လွန်သူ မင်းသွေးအတွက် ရည်စူးကာ အစ်ကိုဖြစ်သူ အကယ်ဒမီနေတိုးနှင့် အနုပညာရှင်အချို့၊ မိသားစုဝင်များက အောင်ဇမ္ဘူတောရကျောင်းတိုက်၌ သာသနာ့ဘောင် ဝင်ရောက်ကာ ကုသိုလ်ပြုပေးခဲ့ကြသည်။ မင်းသွေးပါဝင်ထားသည့် ‘မုန်းစွဲ’ ဇာတ်ကားနှင့် ၎င်းအားထုတ်ကြိုးစားခဲ့သည့် ‘သတ်ကွင်း’ ဇာတ်ကားများ ပြသရာတွင် ပရိသတ်များကအားပေးခဲ့ကြသည်။