ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) က ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ အထက်ညွှန်ကြားချက်ကြောင့် ပျက်ပြယ်မှုအပေါ် နားလည်ပေးကြရန်နှင့် သင့်လျော်သည့်အချိန်မှ ပြန်လည်ပြုလုပ်မည်ဟုဆို

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) က ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ အထက်ညွှန်ကြားချက်ကြောင့် ပျက်ပြယ်မှုအပေါ် နားလည်ပေးကြရန်နှင့် သင့်လျော်သည့်အချိန်မှ ပြန်လည်ပြုလုပ်မည်ဟုဆို
ဗဟိုဝန်ထမ်းတ္ကသိုလ် (အထက်မြန်မာပြည်) မုဒ်ဦးအား တွေ့ရစဉ်
ဗဟိုဝန်ထမ်းတ္ကသိုလ် (အထက်မြန်မာပြည်) မုဒ်ဦးအား တွေ့ရစဉ်
Published 26 December 2018
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ဇီးပင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)က ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ အထက်ညွှန်ကြားချက်ကြောင့်ပျက်ပြယ်ခဲ့မှုအပေါ် နားလည်ပေးကြရန်နှင့် သင့်တော်သည့်အချိန်မှ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ် ဦးဇော်ဇော်က ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နှင့် ပတ်သက်၍ အဆိုပါသင်တန်းတွင်ပို့ချနေသည့် ဘာသာရပ်သင်ခန်းစာအချို့မှာ အစိုးရအရာရှိ ဝန်ထမ်းများအပေါ် ၀ါဒမှိုင်းတိုက်ပေးနေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာသည့်အတွက် တာဝန်ရှိသူများက သတင်းစာရှင်းလင်းမှု ပြုလုပ်ရန်စီစဉ်ခဲ့ရာ ရှင်းလင်းမည့်နေ့ရောက်ချိန်မှ အထက်ညွှန်ကြားချက်ကြောင့်ဟုဆိုကာ ရှင်းလင်းပွဲအစီအစဉ်ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကို ဒီနေ့ပဲ အထက်က ညွှန်ကြားလာပါတယ်။ သတင်းစာရှင်းလင်းပွဲ ကို သင့်တော်တဲ့အချိန်မှသာ ပြန်လုပ်ပေးပါမယ်လို့ အကြောင်းကြားလာလို့ပါ။ နားလည်ပေးကြပါခင်ဗျာ” ဟု ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ် ဦးဇော်ဇော်ကပြောကြားသည်။

ထိုသို့ နာရီပိုင်းအလိုမှ ရှင်းလင်းပွဲ အစီအစဉ်ဖျက်သိမ်းခဲ့မှုအပေါ် တက်ရောက်လာသည့် ပုဂ္ဂိုလ်များက ဝေဖန်ခဲ့ကြသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်- ဇီးပင်ကြီး) နှင့်ပတ်သက်၍ အဆိုပါသင်တန်းသို့တက်ရောက်ခဲ့သည့် ဒေါက်တာစိုးသူရဇော်က သင်တန်းတွင်ပို့ချခဲ့သည့် ပို့ချချက်များအပေါ် “ဇီးပင်ကြီးစစ်တမ်း” အမည်ဖြင့် အပိုင်းသုံးပိုင်းခွဲကာ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန် သုံးသပ်ရေးသားခဲ့သည်။

အဆိုပါ ရေးသားချက်များတွင် ပို့ချသည့် အချို့ဘာသာရပ်များမှာ ယခင်စစ် အစိုးရများလက်ထက်က ၀ါဒမှိုင်းတိုက်ခဲ့ သည့် မူဝါဒများကို ဆက်လက်သင်ကြားနေမှုများအပေါ် ဝေဖန်သုံးသပ်မှုများပြုလုပ်ထားသည်။ သင်တန်းတွင် သင်တန်းဆရာအချို့က သင်ကြားပို့ချရာတွင် “ပြည်တွင်းငြိမ်းချမ်းရေးမရသည်မှာ NLD အစိုးရက စေတနာမရှိ၍ ဖြစ်ကြောင်း၊ ဘာသာခြားများ၏ ဆိုင်များကိုအားမပေးကြရန်နှင့် ဘာသာခြားများ နှင့်လက်ထက်ထိမ်းမြားမှု မပြုလုပ်ကြရန်” အစရှိသည့် အကြောင်းအရာများကို သင်ကြားခဲ့မှုအပေါ် ဝေဖန်သုံးသပ်ရေးသားထားပြီး ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း၊ ပလုံ၊ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုး နိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း” အစရှိသဖြင့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဝေဖန်သုံးသပ်ရေးသားခဲ့သည်။ ယင်းကဲ့သို့ ဒေါက်တာစိုးသူရဇော် ရေးသားချက်များနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စုံခုံဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စုံခုံဖွဲ့စစ်ဆေးခဲ့မှုကို ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးအပါအဝင် အမြဲတမ်း အတွင်းဝန်မှ ညွှန်ကြားရေးမှူးချုပ်အထိ သိရှိခဲ့ခြင်း မရှိခဲ့ကြောင်း၊ ဒေါက်တာစိုးသူရဇော်မှာ အလုပ်ကြိုးစားသူဖြစ်သဖြင့် ၎င်းကို အရေးယူမှုပြုလုပ်သွားမည်မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ စုံခုံဖွဲ့စစ်ဆေးခဲ့သည့် တာဝန်ရှိသူများကို ဌာနအတွင်း စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတင်းမီဒီယာများကို ဖြေကြားထားသည်။

 

Most Read

Most Recent