ဘင်ဖီကာနှင့်ပွဲအား နီကိုကိုဗက် ကိုင်တွယ်ခွင့်ရမည်ဖြစ်သော်လည်း အဖြေရှာရန်လိုအပ်နေပြီဟု ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ဟိုးနက်စ် အတည်ပြု

ဘင်ဖီကာနှင့်ပွဲအား နီကိုကိုဗက် ကိုင်တွယ်ခွင့်ရမည်ဖြစ်သော်လည်း အဖြေရှာရန်လိုအပ်နေပြီဟု ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ဟိုးနက်စ် အတည်ပြု
Photo : AZ
Photo : AZ
Published 26 November 2018

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က နည်းပြ နီကိုကိုဗက်အနေဖြင့် ဘင်ဖီကာအသင်းနှင့် ချန်ပီယံလိဂ်ပွဲအား ဆက်လက်ကိုင်တွယ်ခွင့်ရရန် သေချာသော် လည်း အဖြေရှာရန် လိုအပ်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ် လီဂါ ပွဲစဉ် (၁၂) အဖြစ် နိုဝင်ဘာ ၂၄ ရက်က တန်းဆင်းဇုန်မှ ဒစ်ဆယ်ဒေါ့ဖ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုးစီသရေကျခဲ့သည်။ 

၁၇ မိနစ်တွင် ဇူလာနှင့် မိနစ် ၂၀ တွင် မူလာက ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူပြီး ၄၄ မိနစ် တွင် တစ်ဂိုးပြန်လည်ခွင့်ပြုခဲ့ရသည်။ 

၅၈ မိနစ်တွင် မူလာက တတိယဦးဆောင်ဂိုးထပ်မံ သွင်းယူသော်လည်း အနိုင်ရလဒ်ကို ထိန်း မထားနိုင်ဘဲ ၇၇ မိနစ်နှင့် ၉၀+၃ မိနစ်တွင် ချေပဂိုးများခွင့်ပြုရသဖြင့် သုံးဂိုးစီသရေကျခဲ့ ခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီတွင် ခြောက်ပွဲမြောက် နိုင်ပွဲပျောက် ဆုံးခြင်းဖြစ်ပြီး ၂၁ မှတ်ဖြင့် အဆင့် ၅ နေရာ ရောက်ရှိနေကာ ဇယားထိပ်ဆုံးမှ ဒေါ့မွန် အသင်းနှင့် ကိုးမှတ်အထိ ကွာဟသွားပြီဖြစ် သည်။ 

ထို့ကြောင့် နည်းပြ နီကိုကိုဗက်၏ အနာဂတ်နှင့်ပတ်သက်၍ အူလီဟိုးနက်စ်က ''ဒီရလဒ်နဲ့ အိပ်စက်ရတော့မှာပါ။ နီကိုကိုဗက်က ဘင်ဖီကာနဲ့ပွဲမှာ ကျွန်တော်တို့အသင်း နည်းပြအဖြစ်ရှိနေမှာ သေချာပါတယ်။ အဲဒီပွဲ ပြီးသွားရင်တော့ လေ့လာသုံးသပ်မှုတွေလုပ်ဖို့ လိုအပ်နေပါပြီ''ဟု ပြောကြားသည်။

    

ထို့ပြင် ဟိုးနက်စ်သည် ယင်းပွဲရလဒ် အတွက် ကစားသမားများ၏ စွမ်းဆောင်ရည် ကိုလည်း ပြင်းထန်စွာ ဝေဖန်ခဲ့ကြောင်း သိရ သည်။ 

''ဒီနေ့ဖြစ်သွားတာတွေက လက်ခံနိုင်စရာမရှိပါဘူး။ ဒီလိုဆိုးရွားတဲ့အခြေအနေကနေ နာလန်ထူလာဖို့ လိုပါတယ်။ လာမယ့် ရက်အနည်းငယ်လောက်အထိ ကျွန်တော်တို့ ကစားပုံ ဘာကြောင့်ဒီလောက်ညံ့ရတာလဲဆို တာ တွေးဖြစ်နေမှာပါ။ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုနည်းတာ၊ ဘောလုံးအပေါ် အာရုံဝင် စားမှုနည်းတာ၊ တချို့ကစားသမားတွေရဲ့ ရယ်စရာကောင်းတဲ့အမှားတွေအကြောင်း စဉ်းစားဖြစ်မှာပါ''ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent