မိုနာကိုအသင်းနည်းပြ အွန်နရီက ၄င်းလက်ထက် ပထမဆုံးနိုင်ပွဲစရခဲ့သော်လည်း အသင်းအနေဖြင့် တန်းဆင်းဇုန်တွင်သာရှိနေသေးပြီး တိုက်ပွဲများစွာကျန်သေးသည်ဟု ပြောကြားခဲ့သည်။
မိုနာကိုအသင်းသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သည့် လီဂူးပွဲစဉ်တွင် အဝေးကွင်း၌ ကိန်းအသင်းကို တိုက်စစ်မှူး ဖယ်လ်ကာအို၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယင်းနိုင်ပွဲမှာ အွန်နရီအတွက် မိုနာကိုနည်းပြဘဝ ပထမဆုံးနိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲစုံ (၇)ပွဲတွင် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့သည်။
မိုနာကိုအသင်းသည် အဆိုပါပွဲစဉ်၌ အနိုင်ရရှိခဲ့သော်လည်း ရမှတ် (၁၀)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့် (၁၉)နေရာ၌ ရပ်တည်နေသည်။
အွန်နရီက ယခုနိုင်ပွဲမှာ ရလဒ်ဆိုးများဖြင့် ရုန်းကန်နေရသည့် ၄င်းတို့အသင်းအတွက် သက်သာရစေသော်လည်း ရုန်းကန်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အွန်နရီက "နိုင်ပွဲက လိုအပ်နေတာဆိုတော့ ဒီပွဲရလဒ်က ကျွန်တော်တို့ကို သက်သာရာရစေပါတယ်။ ကစားသမားတွေအတွက်၊ ပရိသတ်တွေအတွက် ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တန်းဆင်းဇုန်ထဲမှာ ရှိနေဆဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်ရမယ့် တိုက်ပွဲတွေက အများကြီးရှိနေပါသေး တယ်"ဟု ယင်းပွဲအပြီးတွင် ပြောကြားခဲ့သည်။