၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၇ သန်းကျော် ဝင်ရောက်ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၇ သန်းကျော် ဝင်ရောက်ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံ
မြန်မာနိုင်ငံတွင် လည်ပတ်လျက်ရှိသည့် စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
မြန်မာနိုင်ငံတွင် လည်ပတ်လျက်ရှိသည့် စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 25 November 2018
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ တစ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယင်းတို့ အနက် နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံ မှုတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ သန်းကျော်ဖြင့် အများဆုံးဝင် ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အောက်တိုဘာ တစ်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုတွင် စင်ကာပူက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင်  ဒေါ်လာ ၂၁ ဒသမ ၅၇၄ သန်းဖြင့် အများဆုံး မြှုပ်နှံထားသည်။ ထိုင်ဝမ်က ဒေါ်လာငါးသန်းကျော်ဖြင့် ဒုတိယအများဆုံး ဝင်ရောက် မြှုပ်နှံထားသည်။

ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံထားမှုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၃ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ထားကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ တစ်လခွဲအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ဒေါ်လာ  ၅၀၆ သန်းကျော်ရှိပြီး စက်မှု၊ လယ်ယာနှင့် ဟိုတယ်ကဏ္ဍများတွင် အဓိကဝင်ရောက် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၇/၂၀၁၈)အရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေး အမှတ်စဉ်(၁၉/၂၀၁၈) အား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေး အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း တစ်ခုနှင့် အတည်ပြု လုပ်ငန်း ၁၉ ခု၊ စုစု ပေါင်း လုပ်ငန်း ၂၀ ခု ခွင့်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆိုပြုလုပ်ငန်းတစ်ခုနှင့် အတည်ပြု လုပ်ငန်းငါးခု ခွင့်ပြုခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း ၁၄ ခု ခွင့်ပြုခဲ့သဖြင့် အဆိုပါ အစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း ၂၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၉ ဒသမ ၀၂၃ သန်းကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၇၁၉ ဦးကို ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြု/အတည်ပြုလုပ်ငန်း ၂၀ မှာ စက်မှုကဏ္ဍမှ ၁၅ ခု၊ မွေး/ရေကဏ္ဍမှတစ်ခု၊ လယ်ယာကဏ္ဍမှနှစ်ခု၊ ဟိုတယ်ကဏ္ဍမှ တစ်ခုနှင့် အခြားကဏ္ဍမှ တစ်ခုဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၃ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃၈၈ ဒသမ ၈၁၂ သန်းနှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၄၆၀၂ ဦး ဖန်တီးပေးပြီးဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ  ဒေါ်လာ ၄၆၃ ဒသမ ၀၂၀ သန်း ဖြစ်သည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၃ ဒသမ၈ ၄၀ သန်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅၀၆ ဒသမ ၈၆ သန်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent