နာမည်ကြီး အမေရိကန်ဂေါ့ဖ်ကစား သမားများဖြစ်သည့် တိုက်ဂါးဝုဒ်နှင့် ဖီးလ် မစ်ကယ်လ်ဆင်တို့ နှစ်ဦးတည်းယှဉ်ပြိုင်ရ သည့် '' The Match'' ပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်က ကျင်းပရာ မစ်ကယ်လ်ဆင်က ၂၂ ကျင်းမြောက်တွင် အနိုင်ရပြီး ဆုကြေးဒေါ်လာ ကိုးသန်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်ရှိ MGM Resorts International က ပိုင်ဆိုင်သည့် Shadow Creek Golf Course သီးသန့်ဂေါ့ဖ်ကွင်း၌ ကျင်းပပြီး စပွန် ဆာကုမ္ပဏီများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်များကိုသာ ကြည့်ရှုခွင့်ပြု၍ ရုပ်သံမှ တစ်ပွဲချင်းအခပေးစနစ် ၁၉ ဒသမ ၉၉ ဒေါ် လာနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
၁၈ ကျင်းကစားပြီးချိန်အထိ သရေရလဒ်ထွက် ပေါ်နေသဖြင့် ကျင်းပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရ ပြီး တိုက်ဂါးဝုဒ်သည် ပထမကျင်းပို(၁၉ ကျင်း) တွင် ရှစ်ပေအကွာမှ ဘာဒီ (တစ်ချက်လျော့) ရိုက်ချက် လွဲချော်သွားသဖြင့် နစ်နာခဲ့ရသည်။
Par 3 ကျင်းဖြစ်သည့် စတုတ္ထကျင်းပို (၂၂ကျင်း) တွင်မူ မစ်ကယ်လ်ဆင်က အနီးကပ် ဘာဒီ ရိုက်ချက်ဖြင့် အနိုင်ရပြီး ဒေါ်လာကိုးသန်း ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။
The Match ပြိုင်ပွဲမှာ တစ်ရက်တည်းယှဉ်ပြိုင်ရပြီး အနိုင် ရသူက ဆုကြေးအားလုံးရရှိသည့် သရုပ်ပြ ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။
''ပွဲက ဘယ်လို ဖြစ်သွားတာလဲ။ ကျွန်တော့်နှလုံးတွေ ဒီထက် ပိုပြီး မခုန်ချင်တော့ဘူး။ သူက ကျွန်တော့်ကို နှစ် ၂၀ လုံး အခက်တွေ့အောင်လုပ်လာခဲ့တာ ပါ။ တိုက်ဂါးက သမိုင်းတစ်လျှောက် အကောင်း ဆုံးကစားသမားတစ်ယောက်ပါ''ဟု မစ်ကယ်လ်ဆင်က ပွဲအပြီးတွင် ပြောကြားသည်။
တိုက်ဂါးဝုဒ်ကလည်း ''ဟိုးအရင်တုန်းက လိုပါပဲ။ သူက အခွင့်အရေးနဲ့ နီးစပ်ခဲ့တယ်။ ကျွန်တော်ကတော့ သူ့လိုဖြစ်ဖို့ ကံကြမ္မာ ကောင်း လိုအပ်ခဲ့တာပေါ့''ဟု ပြောကြားသည်။
တိုက်ဂါးဝုဒ် (၄၂ နှစ်) သည် မေဂျာ ချန်ပီယံဆု ၁၄ ကြိမ်ရရှိထားပြီး သမိုင်းတစ်လျှောက် ဒုတိယအအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နေကာ မစ်ကယ်လ်ဆင် (၄၈ နှစ်)မှာမူ ငါးကြိမ်သာရရှိဖူးသည်။