မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် ၂၀၁၈ ကမ္ဘာ့ချန်ပီယံရှစ်စနူကာပြိုင်ပွဲ၏ အမျိုးသား^အမျိုးသမီးပြိုင်ပွဲ နှင့် အသက် ၄၀ နှစ်အထက် အမျိုးသားစနူကာပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ Grand Mercure ဟိုတယ်၌ ဆက်လက်ကျင်းပရာ မြန်မာကစား သမားများ ကွာတားဖိုင်နယ်နှင့် လွဲချော်ခဲ့ကြောင်း သိရသည်။
အမျိုးသားပြိုင်ပွဲတွင် မြန်မာကစားသမားလေးဦး အုပ်စုအဆင့်ကျော်လွန်နိုင်ခဲ့ပြီး ကိုထက်တစ်ဦးတည်းသာ ၁၆ ဦး ရှုံးထွက် အဆင့်တက်ရောက်ကာ ကျန်ကစားသမားများမှာမူ ၃၂ ဦး ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။
၃၂ ဦး ရှုံးထွက်အဆင့်တွင် ကိုထက်က မလေးရှားနိုင်ငံသား ဟာဆန်ကို (၅-၁) ပွဲဖြင့် အနိုင်ရပြီး ဖုန်းမြင့်ကျော်က ကီဗင်(ဘယ်လ်ဂျီယံ) ကို (၂-၅) ပွဲ၊ အောင်ဖြိုးက မိုဟာမက် (အာဖဂန်နစ္စတန်) ကို (၄-၅) ပွဲ၊ ဝင်းကိုကိုက သောမတ်စ် (ပိုလန်) ကို (၃-၅) ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။
ကိုထက်သည် ၁၆ ဦး ရှုံးထွက်အဆင့်တွင် အာဆစ်ဖ် (ပါကစ္စတန်) ကို (၄-၅) ပွဲဖြင့် ရှုံးနိမ့်ကာ ကွာတားနှင့် လွဲချော်ခဲ့သည်။
အမျိုးသမီးပြိုင်ပွဲ၌ အေမီအောင်က ၁၆ ဦး ရှုံးထွက်အဆင့်၊ သန္တာမောင်နှင့် နွေးနွေးလှိုင်က ၂၄ ဦး ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။
အသက် ၄၀ နှစ်အထက် အမျိုးသားပြိုင်ပွဲတွင် မြန်မာ ကစားသမားလေးဦး ၃၂ ဦး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သော်လည်း နေသွေးဦး၊ ဇော်ထွန်း၊ ဇေယျာထက်နှင့် ဇော်သန်းထိုက် တို့အားလုံး ရှုံးပွဲကြုံတွေ့ခဲ့သည်။
ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၂၅ ရက် (ယနေ့) ဆက်လက်ကျင်းပမည် ဖြစ်သည်။