သီလရှင်အမည်ခံပြီး ငွေလိမ်လည်သူ တစ်ဦးအကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခြိမ်းခြောက်ခံနေရ

သီလရှင်အမည်ခံပြီး ငွေလိမ်လည်သူ တစ်ဦးအကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခြိမ်းခြောက်ခံနေရ
Published 24 November 2018

လူမှုကွန်ရက် စာမျက်နှာတွင် သီလရှင် အမည်ဖြင့် ငွေလိမ်လည်ထားသူ တစ်ဦးအကြောင်း ရေးသားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းအား ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ပြောကြားမှုအရ သိရသည်။

“ကျွန်တော့်ကို ခြိမ်းခြောက်တာတွေ လုပ်တယ်။ သူကိုယ်တိုင်လည်း ကျွန်တော့်ကို ခြိမ်းခြောက်တာလုပ်တယ်။ သူ့တပည့်တွေကတော့ ကျွန်တော့်ကို ဦးအောင်လှိုင်ဝင်း ထမင်း ဝအောင်စားထား၊ သေရင် ထမင်းစားလို့မရ တော့ဘူး အဲဒီလိုမျိုး ခြိမ်းခြောက်တယ်။ တစ်ယောက်က ဖုန်းဆက်တယ်။ မယ်တော်ကြီးလို့ ပြောတာပဲ၊ သူ့ဟာတွေကို အခုလို ရေးတဲ့အတွက် သူ့အကြောင်း ကောင်းကောင်း သိစေရမယ်လို့ ပြောတယ်။ ကျွန်တော်ကလည်း ဘာမှပြန်မပြောဘူး” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

လိမ်လည်ထားမှုသည် စာရင်းစုစုပေါင်း အနည်းဆုံး သိန်းငါးသောင်းမှ သိန်းပေါင်း တစ်သိန်းအထိရှိနိုင်ကြောင်း၊ လိမ်လည်ခံရ သည့် ကာယကံရှင်မှ ဆရာလေးဆိုသူအား ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး မင်္ဂလာဒုံမြို့နယ် တွင် သွားရောက် ရှာဖွေခိုင်းသော်လည်း နောက်ရက်မှလာရန် ပြောဆိုပြီး ထပ်မံသွားရောက်ရာတွင် မရှိတော့ကြောင်း ဦးအောင်လှိုင်ဦးက ပြောကြားသည်။

“လိမ်တဲ့ဟာတွေက လေးမှုလောက် တော့ရှိမယ်။ သာသနာ့ဘွဲ့ကလည်း သူ့ဘာ သာ ပေးထားတဲ့ အမည်ပေါ့၊ ဆရာတော်တွေ၊ သီလရှင်တွေလို သာသနာ့ဝန်ထမ်း မဟုတ်တဲ့အခါကျတော့ ရဲက ဒါကိုအကြောင်းပြုပြီး လူအမည်နဲ့ သာသနာ့ဝန်ထမ်း အမည်မကိုက်ဘူးဆိုပြီး သူ့ကိုဖမ်းဖို့ မကြိုးစားဘဲ ခပ်ရှောင်ရှောင်နေတယ်လို့ မြင်တယ်။ ဖမ်းဝရမ်းတော့ ထုတ်ထားပြီ၊ လိမ်လည်တယ်လို့ တရားရုံးက ဆုံးဖြတ်တာ မဟုတ်သေးဘူး။ လာရောက် အစစ်ခံဖို့ ဝရမ်းထုတ်တဲ့ အဆင့်တော့ ရောက်နေပြီ။ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားတယ်” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

သီလရှင်အမည် ခံထားသူသည် ငွေကြေးလိမ်လည်စဉ်အခါက လက်မှတ်ထိုးရယူမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် တရားရုံးရောက်ရှိခဲ့ပါကလည်း ၎င်းမှ ငြင်းဆိုမှုများ ပြုလုပ်လာနိုင်ကြောင်း၊ လိမ်ခံရသည့်သူများသည် သက်သေမခိုင်လုံသည်က များကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

“လိမ်ခံရတဲ့သူတွေက ဓာတ်ဟောတဲ့ အခန်းမှာ ငွေကိုပေးလိုက်ကြတာများတယ်။ နောက်တစ်ခုက ဘယ်လိုဖြစ်လဲဆိုရင် အဲ့ဒီလူတွေကို ရဲကို ၆၆ (ဃ)နဲ့ တိုင်တဲ့သူတွေကို အမှုပြန်ဖွင့်တယ်။ ၆၆ (ဃ)ကို လက်ကိုင်တုတ် လုပ်ထားတယ်။ တော်ရုံတန်ရုံလူက ကြောက်သွားတာပေါ့။ တချို့ကလည်း ရှက်လို့ မပြောချင်ဘူး။ နည်းမျိုးစုံနဲ့ ပြန်ခြိမ်းခြောက်တယ်” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

ယခုကဲ့သို့ သာသနာ့အမည်ခံဖြင့် ငွေကြေးလိမ်လည်နေသူအား ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့ထားကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

“ဒီကိစ္စက နိုင်ငံတော်အဆင့် ကြီးကျယ်တဲ့ကိစ္စ ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်အမည်တွေ သုံးပြီးတော့ အကြီးအကျယ် လိမ်နေတာဖြစ်တယ်” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

Most Read

Most Recent