ကွယ်လွန်သူ လက်စတာအသင်းပိုင်ရှင် ဝီချိုင်းကိုဂုဏ်ပြုသည့်အနေဖြင့် King Power ကွင်းအပြင်ဘက်၌ ရုပ်တုထားရှိမည်

ကွယ်လွန်သူ လက်စတာအသင်းပိုင်ရှင် ဝီချိုင်းကိုဂုဏ်ပြုသည့်အနေဖြင့် King Power ကွင်းအပြင်ဘက်၌ ရုပ်တုထားရှိမည်
နိုဝင်ဘာ ၁၀ ရက်က လက်စတာ-ဘန်လေပွဲ၌ ဝီချိုင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်နေစဉ် (Photo – AFP)
နိုဝင်ဘာ ၁၀ ရက်က လက်စတာ-ဘန်လေပွဲ၌ ဝီချိုင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်နေစဉ် (Photo – AFP)
Published 12 November 2018

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်ခဲ့သည့် အသင်းပိုင်ရှင် ဝီချိုင်းကို ဂုဏ်ပြုသည့်အနေဖြင့် လက်စတာအသင်း၏ King Power ကွင်းအပြင်ဘက်၌ ရုပ်တုထားရှိမည်ဖြစ်ကြောင်း သိရသည်။

အသက် ၆၀ အရွယ်ရှိ ထိုင်းနိုင်ငံသား ဘီလျံနာ ဝီချိုင်းသည် အောက်တိုဘာ ၂၇ ရက်က King Power ကွင်းအပြင်ဘက်ရှိ ကားပါကင်၌ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ လေးဦးနှင့်အတူ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဝီချိုင်းသည် ၂၀၁၀ ပြည့်နှစ်တွင် လက်စတာအသင်းအား ဝယ်ယူခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရကာ ၂၀၁၅-၂၀၁၆ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအား အံ့အားသင့်ဖွယ် ဆွတ်ခူးရယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ လက်စတာ အသင်းဥက္ကဋ္ဌ သစ်ဖြစ်လာသည့် ၎င်း၏သားဖြစ်သူ အိုင်ယာဝပ်က “ကျွန်တော်တို့အတွက် သူလုပ်ပေးခဲ့တာတွေကို ပြန်ပေးဆပ်လို့ မရတော့ပါဘူး။ ကျွန်တော့်အတွက်၊ ကျွန်တော်တို့ မိသားစုအတွက်၊ လက်စတာစီးတီးနဲ့ ပတ်သက်ဆက်နွှယ်သူအားလုံးအတွက် သူလုပ်ပေးခဲ့တာတွေက အများကြီးပါ။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့အမွေအနှစ်တွေကို ဆက်ပြီးထိန်းသိမ်းသွားမှာပါ။ လက်စတာစီးတီးအတွက် သူရည်ရွယ်ထားတဲ့ လေ့ကျင့်ရေးကွင်း သစ်တည်ဆောက်ရေးနဲ့ ကွင်းတိုးချဲ့ရေးစီမံကိန်းတွေကို ဆက်ပြီးဆောင်ရွက်သွားမှာပါ။ ကျွန်တော့်အဖေရဲ့ ရုပ်တုကိုလည်း King Power ကွင်း အပြင်ဘက်မှာ ထားချင်ပါတယ်။ သူက ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ သူ့ကိုဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဘူး” ဟု ပြောကြားသည်။

လက်စတာအသင်းပရိသတ်များသည် ဝီချိုင်းအတွက် နောက်ဆုံးအမှတ်တရ အစီအစဉ်အဖြစ် နိုဝင်ဘာ ၁၀ ရက်က ဘန်လေအသင်းနှင့် ပွဲမတိုင်မီ ကွင်းသို့လမ်းလျှောက်၍ သွားရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent