ယုတ္တိဗေဒနည်းကျ စဉ်းစားခြင်း

ယုတ္တိဗေဒနည်းကျ စဉ်းစားခြင်း
Published 10 November 2018

ယုတ္တိဗေဒနည်းကျ စဉ်းစားခြင်းဟူသည် အဘယ်နည်း။ အဘယ့်ကြောင့် အရေးကြီးသနည်း။ ယုတ္တိဗေဒဟူသည့် စကားလုံးသည် ဂရိဘာသာစကားမှလာပြီး ဆင်ခြင်မှုဟု အဓိပ္ပာယ်ရသည်။ အလုပ်ရှင်များသည် ယုတ္တိဗေဒနည်းကျ စဉ်းစားပုံအားကောင်းသော သို့မဟုတ် ဆင်ခြင်သုံးသပ်ခြင်း ကျွမ်းကျင်မှု မြင့်မားသော ဝန်ထမ်းများအပေါ် တန်ဖိုးထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ဆုံးဖြတ်ချက် ချမှတ်ပုံသည် ခိုင်လုံသော အချက်အလက်များအပေါ်သာ အခြေခံသောကြောင့်ဖြစ်သည်။ များသောအားဖြင့် အဖွဲ့ အစည်းများသည် အချက်အလက် အခြေခံမပါဘဲ စိတ်ခံစားမှုအပေါ် အခြေခံကာ ဆုံး ဖြတ်ချက်ချမှတ်လေ့ရှိသည့် ဝန်ထမ်းများကို အလိုမရှိကြပေ။

ယုတ္တိဗေဒနည်းကျ စဉ်းစားသူသည် ဖြစ်ရပ်များ၊ တုံ့ပြန်မှုများနှင့် အချက်အလက်များ အစရှိသည်တို့ကို လေ့လာသုံးသပ်ပြီး ရရှိလာမှုများအပေါ် အခြေခံလျက် ကောက်ချက်ဆွဲကြသည်။ ၎င်းတို့ စုဆောင်းရရှိသော အချက်အလက်များပေါ်မူတည်၍ ၎င်းတို့၏ မဟာဗျူဟာများ၊ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များကို ညှိယူတတ်ကြသည်။ ဥပမာအားဖြင့် အရောင်းကိုယ်စားလှယ်တစ်ဦးသည် ကုန်ပစ္စည်းတစ်ခုအား ဖောက်သည် များ ဝယ်ယူရခြင်း၏ အဓိကအကြောင်းတရားမှာ သုံးစွဲရလွယ်ကူခြင်းဟု ညွှန်ပြနေသော ဖောက်သည်များထံမှ တုံ့ပြန်မှုကိုရရှိပြီးနောက် ထုတ်ကုန်ပြုလုပ်ရာတွင် သုံးစွဲသူများ လွယ်ကူရေး အရည်အသွေးကို အဓိကထားလျက် ၎င်းတို့၏ တင်ပြမှုကို အထူးပြုရသည်။

ယုတ္တိဗေဒနည်းကျ စဉ်းစားသူသည် ထုတ်နုတ်ဆင်ခြင်ခြင်း စဉ်းစားပုံကိုလည်း အသုံးပြုနိုင်ကြသည်။ ၎င်းတို့သည် လက်ခံနိုင်ဖွယ် အဆိုတစ်ရပ်ကို ဖော်ထုတ်နိုင်ပြီး အလုပ်၌ ၎င်းတို့ရင်ဆိုင်နေရသည့် အနေအထားများတွင် အသုံးချနိုင်ကြသည်။ ဥပမာအားဖြင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ပုံ နည်းလမ်းများနှင့်ပတ်သက်၍ ထိန်းချုပ်ရမည်ဆိုပါက အဖွဲ့အစည်းတစ်ရပ်သည် ထုတ်လုပ်မှု ပို၍အားကောင်းသော ဝန်ထမ်းများအပေါ် အဓိကယုံကြည်မှုဖြင့် အလုပ်လုပ်ကြသည်။ မန်နေဂျာတစ်ဦးသည် လက်အောက်မှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ဌာန၏ရည်မှန်းချက်များကို ဆက်သွယ်ပြောကြားခြင်းနှင့် ယင်းရည်ရွယ်ချက်များ ရရှိစေရန် နည်းလမ်းများကို ဆုံးဖြတ်ရာ၌ ဝန်ထမ်းများနှင့် တိုင်ပင်ညှိနှိုင်းရေး ကဏ္ဍတစ်ရပ်ကို တည်ဆောက်ခြင်းတို့အားဖြင့် ထုတ်နုတ်ဆင်ခြင်ခြင်းကို အသုံးပြုကာ ယုတ္တိဗေဒနည်းကျ စဉ်းစားပုံကို သရုပ်ဖော်ပြနိုင်သည်။

ယုတ္တိဗေဒနည်းကျ စဉ်းစားပုံနှင့်ပတ်သက်သော နမူနာများမှာ ကြော်ငြာမဟာဗျူဟာတစ်ရပ် မချမှတ်မီ ထုတ်ကုန်အသစ်တစ်ရပ်အပေါ် ဖောက်သည်များ၏ တုံ့ပြန်မှုကို တိုင်းတာရန် စျေးကွက်သုတေသန စမ်းသပ်မှုများ ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ ထုတ်လုပ်မှုအကောင်းဆုံး အရောင်းကိုယ်စားလှယ်များ၏ အရည်အချင်းများကို သုံးသပ်မှုအပေါ် အခြေခံလျက် အရောင်းကိုယ်စားလှယ်အသစ်များ ခေါ်ယူရာတွင် ရှိရမည့် အရည်အချင်းများကို ရေးဆွဲခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့်ပတ်သက်သည့် နောက်ဆုံးလေ့လာချက် များကို သုံးသပ်ပြီးနောက် ဆေးလိပ်ဖြတ်ရေး မဟာဗျူဟာတစ်ရပ်ကို အကြံပြုခြင်း၊ သင်တန်းပေးရန် သင်ရိုးများကို မရေးဆွဲမီ စားသောက်ဆိုင်၏ ဖောက်သည်များထံမှ ရှုမြင်မှုများကို သုံးသပ်ခြင်း၊ တစ်ဆင့်ခံရောင်းချသူများနှင့် အပြီးသတ်စာချုပ် မချုပ်ဆိုမီ ဝန်ထမ်း အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ ၎င်းတို့၏ အကြိုက်များအကြောင်း ဝန်ထမ်းများကို စစ်တမ်းကောက်ယူခြင်းနှင့် ဖြစ်နိုင်ဖွယ်ရှိသူများ၏ ယခင်က ခေါင်းဆောင်မှုဆိုင်ရာ အပြုအမူ အထောက်အထားများကို နှိုင်းယှဉ်ပြီးမှ မည်သူ့အား အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်ထားမည်ကို ဆုံးဖြတ်ခြင်း အစရှိသည်တို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ယုတ္တိဗေဒနည်းကျ စဉ်းစားပုံသည် ဝန်ထမ်းများအားလုံးကို စိတ်ခံစားမှုများဖြင့် ဆောင်ရွက်ခြင်းထက် အချက်အလက်နှင့် ကျိုးကြောင်းဆင်ခြင်မှုကို အခြေခံလျက် လုပ်ဆောင်တတ်စေရန် အထောက်အကူပြုပေးနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent