မော်ရိုကိုလက်ရွေးစင်အသင်းရဲ့နည်းပြ ရီဂရာဂွီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ (၃)လအလိုမှာ ရာထူးက နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ နောက်ခံကစားသမားဟောင်းဖြစ်တဲ့ ရီဂရာဂွီဟာ ကစားသမားဘဝက အနားယူပြီးတဲ့နောက် လက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ပြီး နည်းပြဘဝကို အစပြုခဲ့သူပါ။
ရီဂရာဂွီ(၅၀ နှစ်)ဟာ ကလပ်အသင်း(၃)သင်းကို ကိုင်တွယ်ခဲ့ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ မော်ရိုကိုလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါဟာ အာဖရိကနဲ့ အာရပ်ကမ္ဘာကအသင်းတစ်သင်းအတွက် အမြင့်ဆုံးစွမ်းဆောင်နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားမှာ ဆုဖလားရယူနိုင်ခြင်းမရှိတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မတ်လ(၅)ရက်မှာ ရာထူးက နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီဂရာဂွီကတော့ မော်ရိုကိုအသင်းအနေနဲ့ အပြောင်းအလဲအသစ်တွေ ပြုလုပ်ဖို့ လိုအပ်နေပြီလို့ထင်တာကြောင့် ရာထူးက နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မော်ရိုကိုအသင်းက ယူ-၂၃အသင်းရဲ့နည်းပြ အူယာဘီကို လက်ရွေးစင်အသင်းနည်းပြအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း သိရပါတယ်။















