အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းကို မနေ့က အိမ်ဖြူတော်မှာ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။
အင်တာမိုင်ယာမီအသင်းက ၂၀၂၅ ခုနှစ်မှာ MLS Cup ကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ရယူနိုင်ခဲ့တာကြောင့် ဒေါ်နယ်ထရန့်က အခုလို ဖိတ်ခေါ်ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဆီအနေနဲ့ အိမ်ဖြူတော်ကို ပထမဆုံးအကြိမ် လည်ပတ်ခွင့်ရခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ညစာစားပွဲ တက်ရောက်ခွင့်ရခဲ့တာကြောင့် ဒေါ်နယ်ထရန့်က ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးကို (၄)လအတွင်း တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်ပါတယ်။
မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဂျော့ချ်မက်စ်၊ နည်းပြ မာရှေရာနိုတို့က ဒေါ်နယ်ထရန့်ကို ပန်းရောင်ဘောလုံး၊ မိုင်ယာမီဂျာစီနဲ့ နာရီတွေ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီတွေ့ဆုံမှုမှာ ဒေါ်နယ်ထရန့်က ဘရာဇီးလ်ဂန္ထဝင်ပီလီ New York Cosmos အသင်းမှာ ကစားတာကို ကြည့်ခဲ့ဖူးကြောင်း ပြောကြားခဲ့သလို၊ မက်ဆီကို ''မင်းက ပီလီထက် ပိုကောင်းနိုင်တယ်'' လို့ ပြောကြားခဲ့ပြီး တခြားသူတွေကို ''ဘယ်သူပိုကောင်းလဲ'' လို့ မေးခဲ့ကြောင်းလည်း သိရပါတယ်။
အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်ကတော့ မိမိတို့အနေနဲ့ အောင်မြင်မှုတွေ ဆက်လက်ရယူသွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တာကြောင့် အိမ်ဖြူတော်အလည်အပတ်ခရီးက တစ်ကြိမ်တည်းမဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။















