စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၁)ပွဲဆက်နိုင်ပွဲပျောက်ပြီး (၅)ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်နဲ့ ပိုမိုနီးကပ်လာခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ်လည်း ဆက်လက်ရပ်တည်ခဲ့ပါတယ်။
စပါးအသင်းဟာ ၁၉၃၅ ခုနှစ်က အင်္ဂလန်ပထမတန်းပြိုင်ပွဲမှာ (၁၅)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ အရှည်ကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါကြောင့် တန်းဆင်းဇုန်အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းအသင်းနဲ့ (၁)မှတ်သာကွာဟတော့တဲ့အခြေအနေရောက်ရှိခဲ့ပြီး ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နည်းပြသောမတ်စ်ဖရန့်ခ်ကို ရာထူးက ထုတ်ပယ်ပြီး ခရိုအေးရှားနည်းပြ တူဒေါကို ရာသီကုန်အထိ ခန့်အပ်ခဲ့ပေမဲ့ တူဒေါလက်ထက်မှာ (၃)ပွဲစလုံးရှုံးနိမ့်ပြီး အခြေအနေပိုဆိုးလာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တူဒေါကတော့ အသင်းမှာ ကောင်းမွန်တဲ့အချက်တွေကို မြင်တွေ့ခဲ့ရတာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။















