ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ အာဘီလိုအာက ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ အသင်းရဲ့ကစားသမားဟောင်း စီရော်နယ်လ်ဒိုလို စွမ်းဆောင်နိုင်မယ့်သူလို့ ချီးကျူးပြောကြားခဲ့ပါတယ်။
ဘာပေဟာ ဗလင်စီယာအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ (၃၈)ဂိုးမြောက် ဖြစ်ခဲ့ပါတယ်။
ဘာပေဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၅၉)ပွဲကစားရာမှာ (၄၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာတော့ (၃၁)ပွဲကစားအပြီးမှာပဲ (၃၈)ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဒါ့အပြင် နောက်ဆုံး(၆)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်းလည်း အာဘီလိုအာက သုံးသပ်ခဲ့ပါတယ်။
''ခရစ္စတီယာနိုလို ကစားသမားမျိုးကို မတွေ့ရနိုင်တော့ဘူးလို့ ကျွန်တော်တို့ တွေးခဲ့ကြပါတယ်။ ဒါပေမဲ့ သူ(ဘာပေ)က လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ သေချာပါတယ်။ ခရစ္စတီယာနိုလို လုပ်ပြနိုင်သူ ရှိလာမယ်ဆိုရင် အဲဒါက ကီလီယန်(ဘာပေ)ပဲ ဖြစ်မှာပါ'' လို့ အာဘီလိုအာက ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာ ဂိုးပေါင်း(၄၅၀)သွင်းယူကာ အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားပြီး ဘာပေကတော့ လက်ရှိအချိန်မှာ (၈၂)ဂိုး သွင်းယူထားပါတယ်။















