ချန်ပီယံပြေးလမ်းမှာ အပြောင်းအလဲများစွာ ဖြစ်လာနိုင်သေးတယ်လို့ အာဆင်နယ်အသင်းကို ဂွါဒီယိုလာ သတိပေးပြောကြား

ချန်ပီယံပြေးလမ်းမှာ အပြောင်းအလဲများစွာ ဖြစ်လာနိုင်သေးတယ်လို့ အာဆင်နယ်အသင်းကို ဂွါဒီယိုလာ သတိပေးပြောကြား
Photo: X
Photo: X
Published 9 February 2026

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အပြောင်းအလဲများစွာ ဖြစ်လာနိုင်တယ်သေးတယ်လို့ ပြိုင်ဘက်အာဆင်နယ်အသင်းကို သတိပေးပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်ကို အနိုင်ရခဲ့တာကြောင့် ထိပ်ဆုံးက အာဆင်နယ်နဲ့ (၆)မှတ်ကွာအနေအထား ပြန်ဖြစ်သွားခဲ့တဲ့အတွက် အခုလို ပြောကြားခဲ့တာပါ။

''ကျွန်တော်တို့က (၆)မှတ်ပြတ်နေပါတယ်။ ဒါဟာ ကြီးမားတဲ့ ကွာဟချက်တစ်ခုပါ။ ဒါပေမဲ့ အကြောင်းအရာများစွာ ဖြစ်ပျက်နိုင်ပါသေးတယ်။ (၃)မှတ်အကွာဆိုရင်တော့ ပိုကောင်းသွားမှာပါ။ (၆)မှတ်က အာဆင်နယ်အတွက် လုံလောက်ပြီလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ (၁၃)ပွဲဆိုတာ အများကြီးပါ။ ပြီးတော့ FA ဖလားလည်း လာတော့မယ်။ ကာရာဘောင်းဗိုလ်လုပွဲလည်း ကစားရမယ်။ ချန်ပီယံလိဂ်လည်း မတ်လမှာ ပြန်လာမယ်။ ဒဏ်ရာပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။ တခြားအသင်းတွေကလည်း အကြောင်းအရာအမျိုးမျိုးအတွက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒါကြောင့် အတွေ့အကြုံအရ (၁၃)ပွဲဆိုတာ အများကြီးပါ။ အာဆင်နယ်အသင်း ခြေချော်အောင်၊ အမှားအယွင်းလုပ်မိအောင် ကျွန်တော်တို့ ဖိအားပေးနိုင်ပါတယ်။ ကျွန်တော်တို့ အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ကစားရဖို့ရှိနေပြီး သူတို့ကို အနိုင်ယူဖို့ လိုအပ်ပါတယ်'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ကို အခုတစ်ပတ် ကြားရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အာဆင်နယ်က ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်း၊ မန်စီးတီးက ဖူလ်ဟမ်နဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ဂွါဒီယိုလာက (၃)မှတ်ကွာအနေအထား ဖြစ်လာဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့မယ့်ပွဲကိုတော့ ဧပြီ(၁၈)မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)အဖြစ် ယှဉ်ပြိုင်ရမှာပါ။

Most Read

Most Recent