စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က မန်ယူအသင်းနဲ့ မိမိတို့ကို နှိုင်းယှဉ်မှု ပြုလုပ်ပါက မျှတမှာမဟုတ်ဘဲ မန်ယူအသင်းက ဥရောပပွဲ မကစားရတဲ့အတွက် အခွင့်အရေးသာနေကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
မန်ယူနဲ့ စပါးအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လက်ရှိအချိန် မန်ယူအသင်းက အဆင့် ၄ နေရာ၊ စပါးအသင်းက အဆင့် ၁၄ နေရာ ရပ်တည်နေပါတယ်။
မန်ယူအသင်းဟာ နည်းပြ အာမိုရင်မ်လက်ထက်မှာ ရုန်းကန်ခဲ့ရပေမဲ့ ယာယီနည်းပြ ကာရစ် ကိုင်တွယ်ချိန်မှာ နိုင်ပွဲတွေဆက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းနိုင်တဲ့ အခြေအနေကို ပြန်လည်ရောက်ရှိလာပါတယ်။
စပါးအသင်းကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံးခြောက်ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပြီး သောမတ်စ်ဖရန့်ခ်အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
မန်ယူ - စပါး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သောမတ်စ်ဖရန့်ခ်က ကာရစ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမဲ့ နှစ်သင်းကို နှိုင်းယှဉ်ဖို့ကတော့ မျှတခြင်းမရှိကြောင်း ပြောကြားခဲ့တာပါ။
''ဒီနေရာမှာ မန်ယူနိုက်တက်အသင်းက ဥရောပပွဲ မကစားရတဲ့ အကြောင်းကို နည်းနည်းထည့်ပြောရမှာပါ။ ဒါက အခွင့်အရေးနည်းနည်းသာစေတယ်ဆိုတာ အားလုံးလက်ခံနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒါက အပိုဆောင်းစိန်ခေါ်မှု လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တူညီတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့အချိန်ဆိုရင်တော့ အကဲဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ဒီပွဲအတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ မန်ယူနိုက်တက်အသင်းကို အနိုင်ယူဖို့ပါပဲ'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၇ နေရာသာ ရရှိခဲ့ပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ယူအသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။















