နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ ပွဲမကစားဘဲ ဆန္ဒပြသပိတ်မှောက်မှုနဲ့ ရင်ဆိုင်ခဲ့ရခြင်းအတွက် ဆော်ဒီပရိုလိဂ်က ကြေညာချက်ထုတ်ပြန်ကာ ဖြေရှင်းမှု၊ သတိပေးမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ ဆော်ဒီအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(PIF) ရဲ့ ကလပ်အသင်းလေးသင်းအပေါ် စီမံခန့်ခွဲမှုက မျှတမှုမရှိဘူးလို့ ယူဆပြီး ပွဲမကစားဘဲ သပိတ်မှောက်ခဲ့ခြင်းဖြစ်ပါတယ်။
PIF ဟာ ဆော်ဒီပရိုလိဂ်မှာ အယ်လ်နာဆာ၊ အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်အာလီအသင်းတွေမှာ ရှယ်ယာ ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။
PIF က အဆိုပါအသင်းလေးသင်းကို ရာသီအလိုက် အသုံးစရိတ်များ သတ်မှတ်ပေးထားပြီး အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျော်အိုဖေးလစ်နဲ့ ကင်စလေကိုးလ်မန်းတို့ကို ခေါ်ယူခဲ့သလို၊ စီရော်နယ်လ်ဒိုကိုလည်း သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ငွေကြေးထပ်မံမသုံးစွဲခြင်းဖြစ်ကြောင်း သိရပါတယ်။
အဲဒီလိုအခြေအနေမှာ ပြိုင်ဘက် အယ်လ်ဟီလာအသင်းက အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူခဲ့တဲ့အတွက် စီရော်နယ်လ်ဒိုက PIF ရဲ့ စီမံခန့်ခွဲမှုကို ဝေဖန်ပြစ်တင်ပြီး ပွဲမကစားဘဲ သပိတ်မှောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် PIF ရဲ့ စီမံခန့်ခွဲမှုတွေကို အပြောင်းအလဲပြုလုပ်ဖို့ ကတိမပြုနိုင်ခဲ့ရင် လာမယ့်နွေရာသီမှာ လမ်းခွဲဖို့အထိ စဉ်းစားထားကြောင်းလည်း သတင်းထွက်လာခဲ့ပါတယ်။
ဒါ့ကြောင့် ဆော်ဒီပရိုလိဂ်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
'' ဆော်ဒီပရိုလိဂ်က ရိုးရှင်းတဲ့ ဥပဒေသနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ကလပ်အသင်းတိုင်းက တူညီတဲ့ စည်းမျဉ်းတွေအောက်မှာ လွတ်လပ်စွာ စီမံလုပ်ဆောင်နိုင်ပါတယ်။ ကလပ်အသင်းတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဘုတ်အဖွဲ့၊ ကိုယ်ပိုင်အမှုဆောင်အဖွဲ့၊ ကိုယ်ပိုင်ဦးဆောင်သူတွေ ရှိပါတယ်။ ကစားသမားသစ်ခေါ်ယူမှု၊ ငွေကြေးသုံးစွဲမှု၊ မဟာဗျူဟာချမှတ်မှုတွေကို အဲဒီအသင်းတွေက ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်ရတာပါ။ ခရစ္စတီယာနိုက အယ်လ်နာဆာအသင်းကို ရောက်လာကတည်းက အသင်းရဲ့ တိုးတက်မှုနဲ့ ရည်မှန်းချက်တွေအတွက် အရေးပါသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ တခြားထိပ်တန်းပြိုင်ပွဲဝင်တွေလိုပဲ သူလည်း အနိုင်ရချင်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းကို ကျော်လွန်ပြီး ဆုံးဖြတ်လို့တော့ မရပါဘူး။ လတ်တလော အပြောင်းအရွှေ့လှုပ်ရှားမှုတွေက ရှင်းလင်းပါတယ်။ အသင်းတစ်သင်းက ထူးခြားတဲ့ နည်းလမ်းနဲ့ တောင့်တင်းသွားခဲ့ပြီး တခြားအသင်းကတော့ မတူညီတဲ့ချဉ်းကပ်ပုံကို ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ အဲဒီအသင်းတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ'' လို့ ဆော်ဒီပရိုလိဂ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။















