၂၀၂၆ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပရီးမီးယားလိဂ်က ပေါင်(၃၉၇)သန်းသုံးစွဲကာ ငွေကြေးအများဆုံးသုံးစွဲတဲ့ လိဂ်အဖြစ် ရပ်တည်ခဲ့ပြီး လာလီဂါက ပေါင်(၅၀.၃)သန်းသာ သုံးစွဲခဲ့တာကြောင့် ထိပ်သီးလိဂ်(၅)ခုထဲမှာ ငွေသုံးစွဲမှုအနည်းဆုံးလိဂ်အဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။
စီးရီးအေက ပေါင်(၂၀၅)သန်းသုံးစွဲကာ ဒုတိယအများဆုံးလိဂ်ဖြစ်ခဲ့ပြီး ပြင်သစ်လီဂူးက (၈၈)သန်းနဲ့ တတိယနေရာ၊ ဘွန်ဒစ်လီဂါက (၈၄.၃)သန်းနဲ့ စတုတ္ထနေရာ ရပ်တည်ခဲ့ပါတယ်။
ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီငွေကြေးသုံးစွဲမှုက လာလီဂါထက် (၆၈၉ %)များပြားခဲ့ကြောင်းလည်း Transfer News Live က ဖော်ပြခဲ့ပါတယ်။
၂၀၂၆ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူကတော့ ဘုန်းမောက်ကနေ မန်စီးတီးအသင်းကို ပေါင်(၆၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆယ်မီညိုဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဟာ ဆယ်မီညိုအပြင် ပဲလေ့စ်နောက်ခံလူ ဂူဟီကိုလည်း ပေါင်သန်း(၂၀)နဲ့ ခေါ်ယူခဲ့တာကြောင့် ဒီနှစ် ဆောင်းရာသီစျေးကွက်မှာ ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။















