ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့် နောက်ဆုံးပွဲစဉ်တွေကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်္ဂလန်ကလပ် နှစ်သင်းစလုံး နိုင်ပွဲရရှိခဲ့ပေမဲ့ အက်စတွန်ဗီလာက (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ Play-offs ကစားရမှာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းက (၇)ပွဲနိုင်၊ (၁)ပွဲရှုံးနဲ့ အမှတ်ပေးဇယားဒုတိယနေရာ ရပ်တည်နိုင်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ ရမှတ်(၁၄)မှတ်နဲ့ အဆင့်(၁၃)နေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။
(၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့တဲ့ အသင်း(၈)သင်းကတော့ လိုင်ယွန်၊ အက်စတွန်ဗီလာ၊ မစ်ဂျေးလန်း၊ ဘက်တစ်၊ ပေါ်တို၊ ဘရာဂါ၊ ဖရိုင်းဘတ်နဲ့ ရိုးမားတို့ဖြစ်ပါတယ်။
ဂျန့်၊ ဘိုလော့ဂ်နာ၊ စတုဂတ်၊ ဖယ်ရန်ဗယ်ရို့စ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဗစ်တိုးရီးယားပါလ်ဇန်၊ ဇဗက်ဒါနဲ့ ဆယ်လ်တာဗီဂိုတို့က Play-offs အဆင့်ကို ဆီဒင်ရအသင်းတွေအဖြစ် တက်ရောက်ခွင့်ရခဲ့ပြီး ၊ လိုင်လီ၊ ဖီနာဘာချီ၊ ပါနာသီနိုင်းကို့စ်၊ ဆဲလ်တစ်၊ လူဒိုဂိုရတ်၊ ဒိုင်နမိုဇာဂရက်နဲ့ ဘရန်းတို့က Play-offs အဆင့်ကို ဆီဒင်မဲ့အသင်းတွေအဖြစ် တက်ရောက်ခွင့်ရခဲ့ပါတယ်။
Play-offs အဆင့်အတွက် မဲခွဲပွဲကို ဒီနေ့ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ အက်စတွန်ဗီလာအသင်းက ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။















