အာနိုးလ်ကို လီဗာပူးလ်အသင်း ပြန်မခေါ်သင့်ဘူးလို့ ဒန်နီမာဖီ သုံးသပ်

အာနိုးလ်ကို လီဗာပူးလ်အသင်း ပြန်မခေါ်သင့်ဘူးလို့ ဒန်နီမာဖီ သုံးသပ်
Photo: X
Photo: X
Published 28 January 2026

လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒန်နီမာဖီက လီဗာပူးလ်အသင်းအနေနဲ့ နောက်ခံလူ အာနိုးလ်ကို ပြန်မခေါ်သင့်ဘူးလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ညာနောက်ခံလူ အာနိုးလ်(၂၇ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲပြီး ရီးယဲလ်မက်ဒရစ်အသင်းကို (၆)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမပြည့်ခင် တစ်လဝန်းကျင်အလိုမှာ ရီးယဲလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်တာကြောင့် ရီးယဲလ်အသင်းက လီဗာပူးလ်ကို ယူရို(၁၀)သန်းဝန်းကျင် ပေးခဲ့ရကြောင်း သတင်းထွက်ခဲ့ပေမဲ့ လီဗာပူးလ်အသင်းအတွက်  ဆုံးရှုံးမှုကြီးမားတဲ့ အပြောင်းအရွှေ့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အာနိုးလ်ဟာ ရီးယဲလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရသလို၊ နည်းပြသစ် အာဘီလိုအာကလည်း သူ့ရဲ့ စီမံကိန်းမှာ မပါဝင်ဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် အာနိုးလ်က အသင်းဟောင်း လီဗာပူးလ်မှာ ပြန်ကစားဖို့ ဆန္ဒရှိနေပြီး လီဗာပူးလ်အသင်းတာဝန်ရှိသူတွေကလည်း ခေါ်ယူဖို့ လိုလားနေကြောင်း သတင်းထွက်လာပါတယ်။

ဒီအတွက် ဒန်နီမာဖီက ''အသင်းဟောင်းဆီ ပြန်လာပြီး အောင်မြင်မှုရယူနိုင်တဲ့ ကစားသမား အများကြီးမရှိပါဘူး။ အောင်မြင်တဲ့စီမံကိန်းဆိုတာ ရှေ့ဆက်ဖို့နဲ့ ဆင့်ကဲတိုးတက်အောင် လုပ်ဆောင်ဖို့ပါပဲ။ ဒါကြောင့် သူ့ကို ပြန်ခေါ်တာက အလုပ်ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent