ပြည်သူများ မဲထွက်ပေးခဲ့ကြသောကြောင့် မဲများရရှိခဲ့သဖြင့် လာမည့်ရွေးကောက်ပွဲများတွင်လည်း မဲဆန္ဒရှင်တစ်ဦးတာဝန်ကျေပွန်အောင် မဲပေးစေလိုကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မန္တလေးတိုင်းဥက္ကဌ ဒေါ်သောင်းသောင်းနုမှ ပြောကြားခဲ့သည်။
ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၇၁ လမ်းနှင့် ၇၂ လမ်းထောင့်ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မန္တလေးတိုင်းဒေသကြီးကော်မတီရုံးတွင်လည်း ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် တစညတိုင်းပါတီဥက္ကဌနှင့် ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲအပိုင်း(၁)တွင် တစညပါတီအနေဖြင့် မန္တလေးတိုင်းဒေသကြီး ရှစ်မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ညောင်ဦးမြို့နယ် တိုင်းဒေသကြီး တစ်နေရာအနိုင်ရရှိထားပြီး ကျန်မဲဆန္ဒနယ်များတွင် ဒုတိယမဲအများဆုံးရရှိထားသည့် ပါတီဖြစ်သည်။
“ပြည်သူတွေ ထွက်လာပြီးတော့ မဲပေးခဲ့ကြလို့သာ မဲတွေဒီလောက်ရတာပါ။ လာမည့်ရွေးကောက်ပွဲမှာလည်း မဲပေးမယ်ဆိုတဲ့သူတွေကိုတော့ ဘာမှပြောစရာမရှိပါဘူး။ မဲမပေးဘူးဆိုတဲ့သူတွေကိုတော့ဒီလုပ်ငန်းက နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း လိုက်နာရမယ့်လုပ်ငန်းပါ။ ဒီရွေးကောက်ပွဲလုပ်မှပဲ လက်ရှိတပ်မတော်အစိုးရကနေပြီးတော့ ပြည်သူ့အစိုးရဖြစ်မှာ။ ပြည်သူ့အစိုးရဖြစ်မယ်ဆိုတဲ့ရွေးကောက်ပွဲမှာ ပြည်သူတစ်ယောက်အနေနဲ့ မဲလာမပေးဘူးဆိုရင် ပြည်သူ့တစ်ယောက်အခွင့်အရေးဆုံးရှုံးတယ်။ ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် မဲဆန္ဒရှင်တစ်ယောက်ရဲ့ တာဝန်ကျေပွန်ကြစေချင်ပါတယ်” ဟု မန္တလေးတိုင်းဥက္ကဌ ဒေါ်သောင်းသောင်းနုက ပြောကြားခဲ့သည်။















