■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက်ကို သဘောတူညီထားပြီးဖြစ်၍ ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် ဆွေးနွေးပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား

■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက်ကို သဘောတူညီထားပြီးဖြစ်၍ ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် ဆွေးနွေးပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
Published 1 January 2026

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက်ကို သဘောတူညီထားပြီးဖြစ်၍ ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် ဆွေးနွေးပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းစကားတွင် ထည့်သွင်းပြောကြားသည်။

ကျော်ဖြတ်ခဲ့သည့် ၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့သည့် ကိစ္စရပ်အားလုံးကို အစိုးရအနေဖြင့် အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။ 

နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ် မဖြစ်မနေကျင်းပပေးဖို့လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာထားခြင်းမှ ရုပ်သိမ်းပေးနိုင်ရန်နှင့် ပေးအပ်ထားသော နိုင်ငံ့တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံခဲ့ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ သတ်မှတ်ချက်များအတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံးကျင်းပပေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ပြည်တွင်းပြည်ပက ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ မဲမသမာမှုတွေမဖြစ်ပေါ်စေဖို့အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်တွေကို အသုံးပြုဆောင်ရွက်နေပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် သက်ဆိုင်ရာမြို့နယ်များရှိ ပါတီစုံဒီမိုကရေစီစနစ်ကို ချစ်မြတ်နိုးသော မဲဆန္ဒရှင်ပြည်သူလူထု၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေခြင်းဖြစ်သည့်အတွက် ကျန်ရှိသည့် မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေသော ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် လိုအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး မိတ်ဆွေနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သကဲ့သို့ ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်ရရှိစေရန်နှင့် ပြည်တွင်း၌ အဓိကလိုအပ်နေသည့် နေရာများတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန်အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား အပါအဝင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့ အချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာ ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်တို့ကို သဘောတူညီခဲ့ကြပြီးဖြစ်လို့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ယူစဉ်ကာလတစ်လျှောက်လုံး နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအပြီးကာလတွင် ထွက်ပေါ်လာမည့် အစိုးရကို နိုင်ငံ့တာဝန်များ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ယခု ကူးပြောင်းရောက်ရှိတဲ့ ၂၀၂၆ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် မင်္ဂလာရှိတဲ့ နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြန်လည်တည်ဆောက်နိုင်မယ့်နှစ်လို့ ယုံကြည်ပါတယ်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမယ့်နှစ်လို့လည်း ယုံကြည်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် နှစ်ဟောင်းမှ အတွေ့အကြုံများကို သင်ခန်းစာယူပြီး နိုင်ငံနှင့် လူမျိုးကို ချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များကို အခြေခံံကာ အချင်းချင်းစည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုများနှင့် အောင်မြင်အောင် ကျော်လွှားသွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်သည် တိုင်းရင်းသားပြည်သူအားလုံး၏ အောင်ပွဲဖြစ်သည့် ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြရန် ယာယီသမ္မတက နှစ်သစ်ကူးနှုတ်ခွန်းစကားတွင် တိုက်တွန်းပြောကြားသည်။

 

Most Read

Most Recent