■ မိမိကံကြမ္မာ မိမိတို့ဖန်တီးနိုင်သည့် ဆန္ဒမဲပေးခြင်းကို ဒီမိုကရေစီနည်းလမ်းကြကြဆောင်ရွက်နိုင်သည့် ပြည်သူလူထု၏ နိုင်ငံအသိအမြင်ကို အထူးချီးကျူးဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောကြား
ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၁ သန်းကျော်ရှိပြီး မဲပေးသူ ခြောက်သန်းကျော်ရှိကာ ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
ဒီဇင်ဘာ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မြို့နယ် ၁၀၂ မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သန်းကျော်(၁၁၆၉၂၁၄၄ ဦး)ရှိပြီး မဲလာရောက်ပေးခဲ့သူ ခြောက်သန်းကျော်(၆၀၉၅၅၁၁ ဦး)ရှိခဲ့ပြီး မဲပေးသည့်ရာခိုင်နှုန်း ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
“ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာတောင် မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းမကျော်တဲ့ အခြေအနေမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့တာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်အတွက် အားရဂုဏ်ယူဖွယ်ဖြစ်ပြီး အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်းပြောလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပထမအကြိမ် ပါလီမန်ရွေးကောက်ပွဲကို လွတ်လပ်ရေးရပြီး လေးနှစ်ကျော်အကြာ ၁၉၅၁ ခုနှစ် ဇွန်လမှာကျင်းပနိုင်ခဲ့ပြီး နိုဝင်ဘာအထိ ငါးလအကြာကျင်းပခဲ့ရပါတယ်။ အခုလိုပဲ အပိုင်း(၃)ပိုင်းခွဲကျင်းပခဲ့ရပြီး အပိုင်းတစ်ပိုင်းကို ခုနစ်ရက်ကနေ ၁၀ ရက်အထိကြာအောင်လုပ်ခဲ့ရပါတယ်။ အဲဒီတုန်းကတစ်နိုင်ငံလုံး မဲပေးနိုင်သူဦးရေ ရှစ်သန်းရှိပြီး အပိုင်းသုံးပိုင်းလုံးမှာ မဲပေးသူစုစုပေါင်း ၁ ဒသမ ၅ သန်းရှိခဲ့ပါတယ်။ မဲပေးသူ ၁၈ ရာခိုင်နှုန်းခန့်သာရှိခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းလုံးတွင် တစ်နိုင်ငံလုံးမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်(၂၄၂၆၁၂၉၃ ဦး)ရှိပြီး တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီခြောက်ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ၊ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦး ရှိကြောင်းသိရသည်။
“ဒီရွေးကောက်ပွဲအောင်မြင်ဟာ အစိုးရရဲ့အောင်ပွဲမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့အောင်ပွဲ ပြည်သူလူထုရဲ့အောင်ပွဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ပြည်တွင်းမီဒီယာ ၅၂ ဖွဲ့၊ သတင်းထောက် ၁၁၇၇ ဦး၊ ပြည်ပမီဒီယာ ၆၁ ဖွဲ့ သတင်းထောက် ၂၁၅ ဦးစောင့်ကြည့်လေ့လာသတင်းရယူခဲ့ပါတယ်။ သတင်းရယူတင်ဆက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းရွေးကောက်ပွဲကျင်းပနေမှု၊ ပြည်သူတွေရဲ့ရွေးကောက်ပွဲမှာ တက်ကြွစွာပါဝင်နေမှုတွေကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကသာမက ကမ္ဘာကပါ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင်ရွေးကောက်ပွဲ အပိုင်း(၁)တွင် ရုရှား၊ တရုတ်၊ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ််၊ နီကာရာဂွာနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲနှင့် မြန်မာ-ဂျပန်အသင်း(MJA) ကိုယ်စားလှယ်အဖွဲအပါအဝင် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲဝင်များနှင့် သံတမန်အဖွဲအစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၉ ဦး စောင့်ကြည့်လေ့လာခဲ့သည်။
အဆိုပါ စောင့်ကြည့်လေ့လာရေးအဖွဲ့များက ရွေးကောက်ပွဲအပိုင်း(၁)နှင့်ပတ်သက်၍ ရွေးကောက်ပွဲသည် လွတ်လပ်ရေးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ဆန္ဒမဲပေးသည့် လူထု၏တက်ကြွမှု ဒီမိုကရေစီလိုလားမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး မြန်မာနိုင်ငံ၏ကောင်းမွန်သည့် အနာဂတ်ကိုတွေ့မြင်ရကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ပြီး တည်ငြိမ်အေးချမ်း အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ နောင်ကျင်းပမည့် အပိုင်း(၂)၊ အပိုင်း(၃) ရွေးကောက်ပွဲများတွင်လည်း အောင်မြင်မည်ဟုယုံကြည်ကြောင်းနှင့် မြန်မာပြည်သူများသည် ၎င်းတို့ကံကြမ္မာကိုကိုယ်တိုင်ဆုံးဖြတ်လိုသဖြင့် ရွေးကောက်ပွဲကိုတက်ကြွစွာဆောင်ရွက်သည်ကို တွေ့မြင်ရသည်ဟု သဘောထားမှတ်ချက်ပြုခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တစ်ရက်တည်းတွင် ကချင်၊ ကယား၊ ကရင်၊ တနင်္သာရီတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ စုစုပေါင်း မြို့နယ် ၁၁ မြို့နယ်တွင် ရှော့တိုက်ဒုံးဖြင့်ပစ်ခြင်း၊ တားဆီးပိတ်ခြင်း၊ မိုင်းခွဲခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း ယင်းမြို့နယ်တွင် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။
“ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ဝိုင်းဝန်းကြိုးပမ်းခဲ့တဲ့ တာဝန်ရှိသူအဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့အစိုးရအသိအမှတ်ပြု ဂုဏ်ယူကျေးဇူးတင်ကြောင််းနဲ့ ရွေးကောက်ပွဲ အပိုင်း(၂)နဲ့(၃)ကို ဆက်လက်အောင်မြင်ဖို့ ကြိုးစားကြပါစို့လို့ ပြောကြားလိုပါတယ်။ အထူးအလေးထားပြောကြားလိုတာကတော့ ကျွန်တော်တို့မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးအသိအမြင်ကို အထူးချီးကျူးဂုဏ်ပြုလိုပါတယ်။ မိမိကံကြမ္မာ မိမိတို့ဖန်တီးနိုင်တဲ့ ဆန္ဒမဲပေးခြင်းကို ဒီမိုကရေစီနည်းလမ်းကြကြဆောင်ရွက်နိုင်တဲ့ ပြည်သူလူထုရဲ့နိုင်ငံအသိအမြင်တိုးတက်လာမှုဟာ ကျွန်တော်တို့နိုင်ငံအနာဂတ်အတွက် အထူးကျေနပ်အားရစရာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ပြီးနောက် အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁ဝဝ ၌ကျင်းပမည်ဖြစ်ကာ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်တွင်ကျင်းပမည်ဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပမည့်မြို့နယ် စုစုပေါင်း ၂၆၅ မြို့နယ်ဖြစ်ပြီး ၆၅ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်းသိရသည်။















