■ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၄)၌ မွန်ညီညွတ်ရေးပါတီကအနိုင်ရရှိ
ရွေးကောက်ပွဲအပိုင်း(၁)တွင်ပါဝင်သည့် မွန်ပြည်နယ်ငါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှင့် ကျန်လေးမြို့နယ်၌ မဲရလဒ်အများဆုံး အနိုင်ရရှိထားကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအပိုင်း(၁)တွင်ပါဝင်ခဲ့သည့် မြို့နယ်များမှာ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် သထုံမြို့နယ်တို့ဖြစ်သည်။
လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် ညပိုင်းအထိ ချောင်းဆုံပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးနိုင်ထွန်းဦးက မဲအရေအတွက် (၅ဝဝ) ခန့်ဖြင့် အသာရနေခဲ့သော်လည်း ဒီဇင်ဘာ ၂၉ ရက် နံနက်အစာပိုင်းတွင်မူ ဦးအောင်ကြည်သိန်းက မဲအရေအတွက် (၅ဝဝ) ကျော်ဖြင့် ပြန်လည်အသာရရှိခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ချောင်းဆုံမြို့နယ် က ပြည်သူ့လှွတ်တော် မဲဆန္ဒနယ်မှာ မဲအရေအတွက် (၂ဝဝဝ) ကျော်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ မဲအရေအတွက် (၁၅ဝဝ) ကျော်နဲ့ ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်းတွေ အသာရရှိထားပါတယ်” ဟု မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ချောင်းဆုံမြို့နယ်သည် မွန်ပြည်နယ်အမျိုးသားမဲဆန္ဒနယ်အမှတ်(၄)ဖြစ်သည့်အတွက် မွန်ညီညွတ်ရေးပါတီအနေဖြင့် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ နှစ်နေရာ အပြီးသတ်အနိုင်ရရှိပြီဟု မှတ်ယူရမည်ဖြစ်သည်။
ထို့ပြင် မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်နေရာတွင် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းက မဲ ၂၀၀၀ ကျော်ဖြင့် အသာစီးရထားကြောင်း သိရသည်။
“တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာတော့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာပါဝင်တဲ့ မြို့နယ်တွေက မဲတွေအရတော့ ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း အသာရထားပါတယ်။ ပအိုဝ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာတော့ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်းက မဲ (၂ဝဝဝ) ကျော်နဲ့ အသာစီးရထားတယ်လို့ သိရပါတယ်။ ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာတော့ ကိုယ်စားလှယ်လောင်းတွေကတော့ မဲရလဒ် မတိမ်းမယိမ်းဖြစ်နေပါတယ်။ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ပြီးမှပဲ မဲရလဒ်အဖြေတိတိကျကျသိရမှာပါ” ဟု ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
လာမည့် (၂၀၂၆) ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ပေါင်နှင့် ဘီးလင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။















