ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက မဲရလဒ်အများဆုံးဖြင့် အနိုင်ရရှိထား

ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက မဲရလဒ်အများဆုံးဖြင့် အနိုင်ရရှိထား
Published 29 December 2025

ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲရလဒ်အနိုင်ရရှိထားကြောင်း နိုင်ငံရေးပါတီများထံမှ ရရှိသည့် ကနဦးသတင်းများအရ သိရသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ နိုင်သူကုန်ယူစနစ် (FPTP)မဲဆန္ဒနယ်များဖြစ်သည့် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အားလုံးတွင် အနိုင်ရရှိကြောင်း သိရသည်။

သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မဲအများဆုံးရရှိသော်လည်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(FPTP) သည် နယ်မြေသတ်မှတ်ချက်ကျယ်ဝန်းပြီး ယင်းနယ်မြေတွင် ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)တွင် ပါဝင်သည့် မြို့နယ်များလည်းရှိသေးဖြင့် ယခုရွေးကောက်ပွဲကျင်းပခဲ့သည့် ၁၂ မြို့နယ်အတွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်(FPTP)ကိုယ်စားလှယ်လောင်းများ အပြီးသတ်ရွေးချယ်ခံရပြီဖြစ်သည်ဟု မှတ်ယူ၍မရသေးကြောင်း သိရသည်။

ထို့အတူ အချိုးကျကိုယ်စားပြုစနစ်(PR) တိုင်းဒေသကြီးလွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များသည်လည်း ဧရိယာသတ်မှတ်ချက်ကျယ်ဝန်းသဖြင့် PR ကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်ပွဲအပိုင်း(၃)ပိုင်းလုံး ပြီးစီးချိန်အထိ ရလဒ်များကိုစောင့်ကြည့်ရမည်ကာ လက်ရှိတွင် မည်သည့်ပါတီက ဦးရေမည်မျှ ရရှိသည်ကို တိတိကျကျထွက်ပေါ်သေးမည်မဟုတ်ကြောင်း သိရသည်။

“ပြည်ခိုင်ဖြိုးပါတီက FPTP မှာ ၁၂ မြို့နယ်လုံးအနိုင်ရရှိထားတယ်လို့ပြောရမှာဖြစ်ပါတယ်။ PR မဲဆန္ဒနယ်ကတော့ အပိုင်း(၂)နဲ့ အပိုင်း(၃) မှာပါတဲ့မြို့နယ်တွေထဲမှာလည်းပါနေတော့ အားလုံးပြီးမှ ဘယ်နှစ်ဦးရမလဲ သိရပါမယ်” ဟု ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အချိုးကျကိုယ်စားပြုစနစ်(PR) တိုင်းဒေသကြီးလွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းခွဲဝေခြင်းကို နိုင်သူကုန်ယူစနစ် (FPTP)ဖြင့် ပါတီအလိုက်ရရှိသည့်မဲများကိုရေတွက်၍ ကိုယ်စားလှယ်ပြန်လည်ခွဲဝေပေးခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်တွင် နိုင်သူကုန်ယူစနစ်(FPTP) ဖြင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးရွေးချယ်ခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိမဲဆန္ဒနယ်မြို့နယ်တစ်ခုတွင် အနိုင်ရရှိပါက အပြီးသတ်အရွေးချယ်ခံရခြင်းဖြစ်သည်။

အလားတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးကိုရွေးချယ်ရာတွင် မြို့နယ် ၄၅ ခုအတွက် ၄၅ ဦးကို FPTP ဖြင့်ရွေးချယ်ပြီး ကျန် ၄၅ ဦးကို အချိုးကျကိုယ်စားပြု(PR) စနစ်ဖြင့် မဲဆန္ဒနယ် ခြောက်ခုသတ်မှတ်၍ ရွေးချယ်သဖြင့် မဲဆန္ဒနယ်ခွဲဝေသတ်မှတ်ချက်သည် ဧရိယာကျယ်ဝန်းသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရွေးချယ်မှုအနေဖြင့် မြို့နယ် ၄၅ မြို့နယ်တွင် စုစုပေါင်း ၁၂ ဦးရွေးချယ်ပြီး ၄၅ မြို့နယ်ကို မဲဆန္ဒနယ်ခြောက်ခုခွဲကာ  FPTP ဖြင့်ခြောက်ဦးရွေးချယ်ကာ PR မဲဆန္ဒနယ်ကိုသုံးခုသာ သတ်မှတ်ပြီး ကျန်ခြောက်ဦးကိုရွေးချယ်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်သည်စနစ်နှစ်ခုလုံး မဲဆန္ဒနယ်သတ်မှတ်ချက် ကျယ်ဝန်းသည်။

"FPTP (နိုင်သူကုန်ယူ)မှာ ပြည်ခိုင်ဖြိုးပဲရပါတယ်။ PR မှာ ကျန်ပါတီတွေဘယ်နှစ်ဦးရမလဲ ကြည့်ရမှာပေါ့။ ကျွန်တော်ပါတီအပါအဝင် ကျန်ပါတီတွေက ဒုတိယနေရာပေါ့ဗျာ။ အဓိကတော့ပြည်သူတွေ မဲထွက်ပေးဖို့ပါပဲ။ အခုမဲထွက်​ပေးတဲ့သူ​တွေ​ထက် ပိုပြီးထွက်​ပေးကြပါလို့​ပြောလိုပါတယ်။ ကျန်တဲ့အပိုင်း(၂)နဲ့ အပိုင်း(၃)မှာ အခြားမဲဆန္ဒရှင်တွေ မဲပေးရွေးချယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ရွေးကောက်ပွဲပြီးမှ ကိုယ်မကြိုက်တဲ့ နိုင်သွားတဲ့ကိုယ်စားလှယ်တွေကိုလည်း မကောင်းထိုင်ပြောနေလည်း ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ အခုရွေးချယ်ခွင့်ရှိတဲ့အချိန်ရွေးချယ်ကြပါ” ဟု ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)ပါတီမှ ရန်ကုန်တိုင်းပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင်ရွေးကောက်ပွဲအပိုင်း(၁)တွင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၁၂ မြို့နယ်မှာ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြို့နယ်တို့ဖြစ်သည်။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြိုနယ် ၁၀၂ မြိုနယ်တွင် ကျင်းပခဲ့ပြီးနောက် အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြိုနယ် ၁ဝဝ ၌ကျင်းပမည်ဖြစ်ကာ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြိုနယ် ၆၃ မြိုနယ်တွင်ကျင်းပမည်ဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပမည့်မြို့နယ် စုစုပေါင်း ၂၆၅ မြိုနယ်ဖြစ်ပြီး  ၆၅ မြိုနယ်တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent