လွှတ်တော်အတွင်းသို့ ရပ်ကျိုးရွာကျိုးကို ထမ်းဆောင်ချင်သည့် လူကောင်းသူကောင်းများ ရောက်သွားရန် လိုအပ်ပြီး နိုင်ငံရေးလုပ်မည်ဆိုပါက နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံ့အရေးကို စွမ်းစွမ်းတမံ လုပ်ချင်သည့်ဆန္ဒ၊ ပရဟိစိတ်ရှိမှ ရမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောကြားသည်။
နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ပျော်ဘွယ်မြို့နယ်၊ ပြည်သာယာရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အရေးကြီးတာက လွှတ်တော်ထဲကို လူကောင်းသူကောင်းတွေ ရောက်သွားဖို့လိုတယ်။ တကယ် ရပ်ကျိုးရွာကျိုးကို ထမ်းဆောင်ချင်တဲ့သူတွေ ရောက်သွားဖို့လိုတယ်။ တစ်ချို့တွေက နိုင်ငံရေးကို လုပ်စားတာ။ နိုင်ငံရေးမှာ ဒီလိုနေရာတွေ ရဖို့အတွက်ကို လုပ်သွားတာ။ ဒီဒေသ၊ ဒီလူ၊ ဒီမိသားစုတွေအတွက် စဉ်းစားလို့ ဝင်လုပ်တာ မဟုတ်ဘူး။ အဲ့တော့ အရေးကြီးတာက နိုင်ငံရေးလုပ်မယ်ဆိုတာ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံ့အရေးကို စွမ်းစွမ်းတမံ လုပ်ချင်တဲ့ဆန္ဒ၊ ပရဟိတစိတ်ရှိမှ ရမယ်။ အတ္တဟိတနဲ့ နိုင်ငံရေးကို လာလုပ်ရင်တော့ တစ်ပွဲတိုးပဲ ဖြစ်သွားမှာ။ ပြီးသွားရင်လည်းပဲ ခုနက ကိုယ်စားလှယ်ဆိုတဲ့ တာဝန်ဖြစ်တဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ထဲကို မပို့နိုင်တဲ့လူတွေဆိုရင် ကျွန်တော်တို့ ရွေးလိုက်တာ အလကားပဲ ဖြစ်မှာ။ ဒါလေးကို ကျွန်တော် အလျဉ်းသင့်လို့ ပြောပြချင်တာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။
၂၀၂၀-၂၀၂၅ ခုနှစ် ကာလများမှ ယနေ့အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် တိုင်းပြည်၏ အရေးအရာများကို အမြဲတမ်း ဆွေးနွေးသုံးသပ်လျက်ရှိကြောင်း၊ ထို့ပြင် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ စာအုပ်များ ဖတ်ခိုင်း၍ စာအုပ်အတွင်းမှ အတွေ့အကြုံများကို ပြောဆိုခိုင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက “အဲ့တာက ဘာလဲဆိုတော့ အခုသွားနေတဲ့၊ အခု ခင်ဗျားတို့ ရုံးကနားသွားရင် အင်မတန်ကြာတယ်။ ဟိုသွားဦး၊ ဒီသွားဦး၊ ဟိုစားပွဲမှာကြာ၊ ဒီစားပွဲမှာကြာ၊ အဲ့ဒီစနစ်တွေကို ကျွန်တော်တို့က ဖျက်ပစ်မယ်။ တကယ့်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း အချိန်တိုတိုအတွင်းမှာ လူထုလိုချင်တဲ့ လုပ်ငန်းစဉ်ကို ပြတ်အောင်၊ ပြောရမယ်ဆိုရင်တော့ ချုပ်ပြောလိုက်ရင်တော့ ယခင်ကြိုးနီစနစ်တွေကို ကျင့်ခဲ့တဲ့ဟာတွေကို ဒါတွေကို ကျွန်တော်တို့က ဖယ်ပစ်မယ်။ တိုင်းပြည်မှာ ပြည်သူတွေ တကယ်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ လုပ်နိုင်အောင်ပေါ့” ဟု ပြောကြားသည်။
နိုင်ငံတော်၏ အခြေအနေအရ တပ်မတော်က နိုင်ငံတော် တာဝန်ကို ထိန်းသိမ်းလိုက်စဉ်ကတည်းက နယ်မြေတည်ငြိမ်အေးချမ်းလာသည့်နှင့် ရွေးကောက်ပွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်နှင့်အတူ ထွက်ပေါ်လာသည့် အစိုးရကို တာဝန်များ ပြန်လည်လွှဲအပ်မည်ဟု အတိအလင်း ပြောကြားထားပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။
ထို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူများအတွက်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြည်သူများ၏ သဘောထားများကို ပြည်သူ့ကိုယ်စား လွှတ်တော်အတွင်းမှ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းအသီးသီးကို ပြောဆိုမေးမြန်းနိုင်ရန် ကိုယ်စားလှယ်များ ရွေးချယ်ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။
အစိုးရဘက်မှ ရွေးကောက်ပွဲအတွက် လိုအပ်ချက်များကို ပြင်ဆင်ထားပြီးဖြစ်ပြီး မိမိတို့အပိုင်းသည် မဲဆန္ဒရှင်စာရင်းတွင် ပါ၊ မပါ စစ်ဆေး၍ သတ်မှတ်ရက်တွင် မဲရုံသို့သွားပြီး မဲပေးရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။















