ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်သဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် ၁၀၅ နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ် အခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့သည်။
ယနေ့ကာလသည် မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အရေးကြီးသည့်အချိန်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို မကြာမီစတင်ကျင်းပတော့မည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ပါရှိသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်သဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ထို့ပြင် တွေ့ကြုံခဲ့ရသော အတိတ်နှင့် ပစ္စုပ္ပန်ဖြစ်ရပ်များကို သင်ခန်းစာရယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေးအမွေ အနှစ်များကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ပါရှိသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး လက်တွေ့အကောင်အထည်ဖော်တည်ဆောက်ရေးတွင် ပြည်သူတစ်ရပ်လုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပါဝင်ကြရေးမှာ အဓိကကျကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန်မှာ ပြည်သူအားလုံး၏ ဆန္ဒပင်ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်ရန်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်အားလုံးက ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုး၊ နိုင်ငံတော်၏အကျိုးကို ကြည့်၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်လိုကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံနှင့် ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၌ စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါသဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ပညာရေးနှင့်ပတ်သက်၍ ပညာရေးသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် စံတန်ဖိုးများကို ဖွံ့ဖြိုးစေသော အခြေခံအင်အားဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်မှုကိုသာမက နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးနိုင်ကြောင်း အဆိုပါသဝဏ်လွှာတွင် ပါရှိသည်။
ထို့ကြောင့် ကျောင်းသား ကျောင်းသူ လူငယ်များအား ပညာရေးဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ကြောင်း အဆိုပါသဝဏ်လွှာတွင် ပါရှိသည်။
ထို့ပြင် ဆရာ ဆရာမများကလည်း ပညာသင်ကြားပေးရုံသာမက ဗလငါးတန်နှင့် ပြည့်စုံသော၊ အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်အောင် လေ့ကျင့်ပျိုး ထောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အသိပညာ အတတ်ပညာပြည့်စုံပြီး ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ပါရှိသည်။
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ် ပညာ၊ အတွေးအခေါ်၊ ဗဟုသုတပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်ကာ အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့် လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်ရန် အရေးကြီးကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် ပညာရေးမှ ရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်းကလည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်အသီးသီးတွင် များစွာအထောက်အကူပြုသော ပင်ကိုအရည်အချင်းများပင်ဖြစ်ကြောင်း၊ အသိပညာ အတတ်ပညာ ပြည့်စုံသော ပညာတတ်များဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားတိုင်း အခြေခံပညာ သင်ယူပြီးမြောက်စေရေးအတွက် လူတိုင်းပညာသင်ယူခွင့်ရရှိရေးနှင့် လူတိုင်းအကျုံးဝင် ပညာရေးကို အားပေးလျက်ရှိကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသားအောင်ပွဲနေ့၌ “စည်းလုံးချစ်ကြည် လက်တွဲညီ ရွှေပြည်သစ်ဆီ လှမ်းကြမည်” ဆိုသည့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ မြန်မာပြည်သူပြည်သားအပေါင်းတို့က ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းခံကာ သွေးစည်းညီညွတ်သော အမျိုးသားရေးအားမာန်များဖြင့် ထာဝရငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ရွှေပြည်သစ်ကြီးသို့ ပူးပေါင်းချီတက်သွားကြရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းထားသည်။















