၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲဆန္ဒနယ်အချို့၌ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည့်သူမရှိသဖြင့် ကိုယ်စားလှယ်လောင်း ၃၀ ကျော်သည် အလိုအလျောက် လွှတ်တော်အမတ်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ မဲဆန္ဒနယ်မြေ ၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့်သူမရှိသဖြင့် အဆိုပါ မဲဆန္ဒနယ်များတွင် ဝင်ရောက်ရွေးချယ်ခံမည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းများမှာ အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ကြေညာခံရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် တစ်ဦးတည်းသာ ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်မြေများသည် ကချင်ပြည်နယ်တွင် နောင်မွန်းမြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မင်းကင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ မော်လိုက်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ လောင်းလုံမြို့နယ်၊ ရှမ်းပြည်နယ်တွင် ဖယ်ခုံမြို့နယ်၊ မိုးနဲမြို့နယ်၊ မက်မန်းမြို့နယ်နှင့် အမျိုးသားလွှတ်တော်တွင် မဲအများဆုံးရသူ အနိုင်ယူ (FPTP) စနစ်ဖြင့် ကျင်းပမည့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) တို့ဖြစ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် FPTP စနစ်ဖြင့် ကျင်းပမည့် မဲဆန္ဒနယ်များဖြစ်သည့် ကချင်ပြည်နယ်တွင် ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ တမူးမြို့နယ်၊ ဘုတလင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါမြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ကျောက်မဲမြို့နယ်တို့သည်လည်း ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် FPTP စနစ်ဖြင့် ကျင်းပမည့် မဲဆန္ဒနယ်များဖြစ်သည့် ကချင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ကယန်း (ခ) ပဒေါင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့သည်းလည်း ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။
အဆိုပါ မဲဆန္ဒနယ်မြေ ၃၁ နေရာအနက် ပြည်သူ့လွှတ်တော် မိုးနဲမဲဆန္ဒနယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းထွန်းလင်း၊ ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးထွန်းအောင်နှင့် FPTP စနစ်ဖြင့် ကျင်းပမည့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် "ဝ" အမျိုးသားပါတီမှ ဦးအမ်ဇော်လတ်တို့ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။
ပြိုင်ဘက်မရှိ ဝင်ရောက်ရွေးချယ်ခံမည့် ကျန်မဲဆန္ဒနယ်မြေ ၂၈ နေရာတွင်မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
သက်ဆိုင်ရာရွေးကောက်ပွဲဉပဒေအရ မဲဆန္ဒနယ်တနယ်တွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းတဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာရမည်ဟု ပြဌာန်းထားသည်။















