မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံက ချမှတ်ပေးထားသော ဘုံသဘောတူညီချက် ငါးရပ်သည် အကောင်အထည်ဖော်ရန် မခက်ခဲကြောင်း၊ မြန်မာအစိုးရက ထိုငါးချက်ကို လိုက်နာသင့်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ဖြန့်ဝေခြင်းကို ခွင့်ပြုပေးသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒီဇင်ဘာလထဲတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အာဆီယံက ဟန့်တား၍ မရနိုင်သော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ရွေးကောက်ပွဲကို တရားမျှတမှုရှိပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေလိုသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောကြားခဲ့သည့်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် အာဆီယံသည် တပ်မတော်ခေါင်းဆောင်နှင့် အတူ ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူခဲ့သည်ဆိုသော်လည်း မြန်မာအစိုးရက သဘောတူညီချက်များကို အကောင်အထည်ဖော်ခဲ့ခြင်းမရှိပေ။
"ဘုံသဘောတူညီချက်ငါးရက်ဟာ အကောင်အထည်ဖော်ဖို့ ခက်လှတယ်လို့ မဆိုနိုင်ပါဘူး။ အပြန်အလှန်ဆွေးနွေးတာ၊ ပြည်သူတွေထံကို အကူအညီတွေ ရောက်ရှိအောင် ခွင့်ပြုတာ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအားလုံးနဲ့ ပြန်လည်ဆွေးနွေးတာတို့ဟာ ကောင်းပါလိမ့်မယ်"ဟု ဟာဆန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံနိုင်ငံရေးဝန်ကြီးများ၏ အစည်းအဝေးအပြီးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရက အတိုက်အခံတို့နှင့် ဆွေးနွေးလိုခြင်း မရှိသောကြောင့် အာဆီယံက ချမှတ်ပေးထားသော ငြိမ်းချမ်းရေးအစီအမံသည် အဓိကအားဖြင့် အောင်မြင်မှုမရခဲ့ပေ။
အစိုးရက အရပ်သားပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်ဟု အနောက်အုပ်စုက စွပ်စွဲနေသည်ဆိုသော်လည်း အစိုးရကမူ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေသည်ဟု ပြောကြားထားသည့်။
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေချိန်အတွင်း မြန်မာအစိုးရက ဒီဇင်ဘာလထဲတွင် ရွေးကောက်ပွဲကို အဆင့်လိုက်ပြုလုပ်သွားမည်ဖြစ်သည်။
"ကျွန်တော်တို့က ရွေးကောက်ပွဲကို ရပ်တန့်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ရွေးကောက်ပွဲကို တရားမျှတမှုရှိစေချင်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိစေချင်ပါတယ်။ အားလုံးပါဝင်စေချင်ပါတယ်"ဟု မိုဟာမက်ဟာဆန်က ပြောကြားခဲ့သည်။
"ပြည်သူအားလုံး ပါဝင်ရမှာဖြစ်ပါတယ်။ ပြည်သူအချို့သာ ပါဝင်နိုင်ပြီး ကျန်တဲ့ပြည်သူတွေ မပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးကို ကျွန်တော်တို့ အလိုမရှိပါဘူး"ဟု ၎င်းက သတင်းထောက်များကိုပြောကြားခဲ့သည်။
Ref: Reuters
Photo: Reuters















