■ KK Park စီမံကိန်းသည် KNU အဖွဲ့ ခေါင်းဆောင်များကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး ငွေကြေးရယူလိုမှုတစ်ခုနှင့် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

■ KK Park စီမံကိန်းသည် KNU အဖွဲ့ ခေါင်းဆောင်များကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး ငွေကြေးရယူလိုမှုတစ်ခုနှင့် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 21 October 2025

KK Park စီမံကိန်းသည် KNU အဖွဲ့ ခေါင်းဆောင်များကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး ငွေကြေးရယူလိုမှုတစ်ခုနှင့် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

KK Park နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“သတင်းအချက်အလက်တွေကိုကြည့်ရင် KK Park စီမံကိန်းဆိုတာ KNU က ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာတွေ့ရပါတယ်။ ငွေကြေးရယူလိုမှုတစ်ခုနဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာ အလွဲသုံးစားလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့က သတင်းမှာလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေနေရာနဲ့ပတ်သက်ပြီး ခွင့်ပြုထားတာတို့၊ လုပ်ဆောင်ထားတာတို့ တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။ နောက်ပြီးတော့ အဲဒီမြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်းကစားတွေကိုလည်း အခကြေးငွေယူပြီး ကြေးစားကာကွယ်မှုများ လုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်အောင် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒါပိုက်ဆံသာရမယ်ဆိုရင် တစ်နိုင်ငံလုံးကို လက်ညိုးထိုးရောင်းစားဖို့ ဝန်မလေးတဲ့ ကြေးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကို နိုင်ငံတကာနဲ့ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

KK Park နယ်မြေသည် မြဝတီမြို့တောင်ဘက်၊ မယ်ထော်သလေး ကျေးရွာအနီး ထိုင်း-မြန်မာနယ်စပ် တောင်ရင်းမြစ်ကမ်းဘေး၌ရှိပြီး KNU တပ်မဟာ (၆)၏ လှုပ်ရှားနယ်မြေ၌ ရှိကြောင်း၊ BGF ၏ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် မြဝတီမြို့၏ မြောက်ဘက်၌ တည်ရှိကြောင်း၊ KK Park မြို့သစ်စီမံကိန်း၌ အနောက်ဘက်တွင် လေးကေ့ကော်မြို့သစ် ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲ့ဒီမှာတော့  ငြိမ်းချမ်းရေးကြိုးပမ်းမှု အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ KNU ယခင်ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းတွင် KNU များ ဝင်ရောက်သိမ်းပိုက်ပြီး နယ်ခံတွေကို နှင်ထုတ်ပြီး KNU၊ PDF အဖွဲ့တွေနဲ့ သူတို့အဖွဲ့ အထောက်အကူပြုအဖွဲ့တွေပဲ နေနေတာဖြစ်ပါတယ်။ KK Park စီမံကိန်းကို လုပ်ဆောင်ဖို့အတွက် KNU ရဲ့ Mulaei Ahlin Company Limited (မုလအိအလင်းကုမ္ပဏီ) နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတစ်ခုတို့ ကနဦးလုပ်ကွက်အတွက် လုပ်ငန်းမြေငှားရမ်းခ သဘောတူညီမှုကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ သဘောတူစာချုပ်ရဲ့ မြေငှားပေးသူ အသိသက်သေများမှာ မုလအိအလင်းဘက်မှ လက်ရှိ KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက KNU ဘဏ္ဍာရေးကော်မတီဗဟိုအနေနဲ့ လက်မှတ်ရေးထိုးထားပြီး ယခင် KNU ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး စောရော်ဂျာခင်ကလည်း KNU ဘဏ္ဍာရေးကော်မတီဗဟိုအနေနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါစာချုပ်တွင် ငှားရမ်းလိုသည့်မြေ စုစုပေါင်းဧက ၁၀၀ ခန့်ကို နှစ်ပေါင်း ၃၀ ငှားရမ်းရန် သဘောတူထားခဲ့သည်ကိုလည်း တွေ့ရပြီး ယင်းစာချုပ်များသည် အခိုင်အမာရှိနေသည့် စာချုပ်များဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“စာချုပ်ပါအချက်အလက်တွေအရဆိုရင် တစ်ဧကကို တစ်နှစ် ဘတ် ၃၅၀၀၀ နှုန်းအတွက် မြေ ၁၀၀ ဧကအတွက် တစ်နှစ်လျှင် ဘတ်သုံးသန်းခွဲဖြစ်ပြီး ခြောက်လတစ်ကြိမ် ပေးချေပါမယ်လို့ ကတိပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဧက ၃၀ အတွက် လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက် တစ်လ ဘတ်ငါးသိန်း သတ်မှတ်ထားပြီး စီမံကိန်းဧရိယာ ကျယ်ဝန်းလာတာနဲ့အမျှ လုံခြုံရေးစရိတ်တိုးမြှင့်ပေးမယ်လို့လည်း အဲဒီစာချုပ်မှာ ကတိပြုခဲ့တာတွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၂ ခုနှစ် မေလထဲတွင် KNU နှင့် Trans Asia International Holding Group ကြား၌ စာချုပ် ထပ်မံချုပ်ဆိုခြင်းတွင် မုလအိအလင်းကုမ္ပဏီ မဟုတ်တော့ဘဲ KNU မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ  ဦးစီးသည့် TROTH STAR COMPANY နှင့် စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့ခြင်း တွေ့ရကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများထဲတွင် ယခင်က ကုမ္ပဏီတစ်ခုနှင့် ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဘေးစီးပွားအသင်းတို့ ပူးပေါင်းပါဝင်ခြင်းကိုလည်း ဖော်ထုတ်သိရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ သီဟာနုဘေးဆိုသည့်နေရာသည် ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုမြို့တော် ဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အွန်လိုင်းလောင်းကစားများ အရေးယူမည်ဟု ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်က ကြေညာလိုက်သည့်နောက်ပိုင်းတွင် ယင်းအွန်လိုင်းလောင်းကစားလုပ်ငန်းများသည် မြန်မာနှင့် ဖိလစ်ပိုင်ဘက်ကို ပြောင်းရွှေ့လာသည်ဟုလည်း သိရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent