■ လက်နက်ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားကြရမည်ဟုဆို
လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်၊ စွမ်းအားရှိသည့် တပ်များဖြစ်အောင်တည်ဆောက်ပြီး နိုင်ငံ့အကျိုး၊ တပ်မတော်အကျိုးနှင့် ဒေသအကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်ကို နိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန် ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ အလားတူ ပြည်သူများမှ အပြည့်အဝယုံကြည်ကိုးစားသည့် တပ်မတော်ဖြစ်ရန် လိုကြောင်း၊ ဒေသအလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများနှင့်တစ်သားတည်းဖြစ်အောင်လုပ်ဆောင်ပြီး ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အခြေအနေအရ ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းကာလအတွင်း ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများအထိဖြစ်ပေါ် ခဲ့သဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတစ်ဝန်း ထိုက်သင့်သလောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းစေရေး တပ်မတော်အနေဖြင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြေင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သောကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။
တပ်မတော်သားတစ်ဦးချင်းအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မပျက်မကွက်လုပ်ဆောင်နေရန်လိုကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းသည်လည်း မိမိတို့ တပ်ကို အရည်အသွေးရှိသည့် တပ်ဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အရာရှိ၊ စစ်သည်မိသားစုများအနေဖြင့် လည်း တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တတ်နိုင်သမျှ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည် မိသားစု များ၏ သက်သာချောင်ချိရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေး အုပ်ချုပ်ရသူများအနေဖြင့် အဆင့်ဆင့် စနစ်တကျစီမံခန့်ခွဲ နိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင်တာဝန်ထမ်း ဆောင်နေစဉ်ကာလအတွင်း တပ်မတော်ကို ကောင်းအောင် တစ်ဦးချင်း ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက်တွင် သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲခဲ့ကြကြောင်း၊ ထို့ ကြောင့် မိမိတို့နိုင်ငံတွင် အခြေခံအားဖြင့်ရှိပြီးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး တပ်မတော်သားများ အနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေသအလိုက် ပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးကတပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာတိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ မေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။















