ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် China Southwest Architectural Design and Research Institute Corporation(CSWADI) သို့ သွားရောက်လေ့လာခဲ့သည်။
ယနေ့(စက်တင်ဘာ ၆ ရက်) ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ China Southwest Architectural Design and Research Institute Corporation(CSWADI) သို့ သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။
China Southwest Architectural Design and Research Institute Corporation(CSWADI) သို့ လေ့လာရေးရောက်ရှိလာသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့အား CSWADI မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် China Southwest Architectural Design and Research Institute Corporation(CSWADI) အတွင်းပြသထားသည့် ကော်ပိုရေးရှင်းမှ ဆောက်လုပ်ထားသော စွမ်းအင်ချွေတာနိုင်သည့် ဆောက်လုပ်ရေး စီမံကိန်းများ၊ အထပ်မြင့် အဆောက်အဦများ၊ တံတားများ၊ ဟိုတယ်များ၊ အားကစားရုံများ၊ ဆေးရုံများနှင့် နိုင်ငံတကာ၌ အဆောက်အဦများ ဆောက်လုပ်နေမှု အခြေအနေများ၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အဦများအား သုတေသနပြုလုပ် ဒီဇိုင်းအသစ်များရေးဆွဲ ဆောက်လုပ်မှုအခြေအနေများ၊ ငလျင်ဒဏ်ကို ကြိုတင်ကာကွယ်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင်လာရောက်၍ အဆောက်အဦများဆောက်လုပ် လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြသရာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက China Southwest Architectural Design and Research Institute Corporation(CSWADI) ၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။















