■ “ဝ” အဖွဲ့ထိန်းချုပ်ထားသည့် ဟိုပန်မြို့နှင့် ပန်လုံမြို့တွင် ရွေးကောက်ပွဲ အကြောင်းပြချက်ဖြင့် လူထုစည်းရုံးခြင်း၊ မဲဆွယ်စည်းရုံးခြင်း တွေ့ရှိပါက တိုင်ကြားရန် “ဝ” အဖွဲ့က အသိပေးထားဟုဆို

■ “ဝ” အဖွဲ့ထိန်းချုပ်ထားသည့် ဟိုပန်မြို့နှင့် ပန်လုံမြို့တွင် ရွေးကောက်ပွဲ အကြောင်းပြချက်ဖြင့် လူထုစည်းရုံးခြင်း၊ မဲဆွယ်စည်းရုံးခြင်း တွေ့ရှိပါက တိုင်ကြားရန် “ဝ” အဖွဲ့က အသိပေးထားဟုဆို
Published 5 September 2025

“ဝ” အဖွဲ့ထိန်းချုပ်ထားသည့် ဟိုပန်မြို့နှင့် ပန်လုံမြို့တွင် ရွေးကောက်ပွဲ အကြောင်းပြချက်ဖြင့် လူထုစည်းရုံးခြင်း၊ မဲဆွယ်စည်းရုံးခြင်းမပြုရန် “ဝ” အဖွဲ့ တရားစီရင်ရေးဌာနထံ တိုင်ကြားနိုင်ကြောင်း ဒေသခံများ၏ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Wa News Land သတင်းဌာနက စက်တင်ဘာ ၅ ရက်တွင် ဖော်ပြထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ဖွဲ့စည်းထားသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ယခင်က “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ/ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) ထိန်းချုပ်ထားသည့် မြို့များရှိသည့်အပြင် ဟိုပန်နှင့် ပန်လုံမြို့နယ်တို့တွင် အစိုးရအုပ်ချုပ်ရေး ယန္တရားလည်ပတ်ကာ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်များလည်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် ဟိုပန်မြို့နှင့် ပန်လုံမြို့တို့အား “၀” အဖွဲ့က ဝင်ရောက်ထိန်းချုပ်ထားခြင်းဖြစ်ပြီး ယခုလာမည့် ရွေးကောက်ပွဲကာလတွင် ၎င်းမြို့များတွင် ရွေးကောက်ပွဲပြုလုပ်မည် မပြုလုပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

စက်တင်ဘာ ၄ ရက်ပြုလုပ်သည့် “၀” အဖွဲ့၏ စစ်မှုထမ်းဆိုင်ရာဥပဒေ၊ ပြစ်မှုများနှင့်ပတ်သက်ပြီး ဥပဒေဆိုင်ရာအသိပညာပေးသည့် လူထုအစည်းအဝေးတွင် ရွေးကောက်ပွဲတားမြစ်ချက်များကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း၊  အခြားအဖွဲ့အစည်း၊ ပါတီများက မဲထည့်ရန် လာရောက်စည်းရုံးခြင်းနှင့် လက်မှတ်လိမ်ထိုးခိုင်းခြင်းအပါအဝင် အခကြေးငွေဖြင့် မဲဆွယ်စည်းရုံးခြင်းများ လာရောက်လုပ်ဆောင်သည်ကို တွေ့ရှိပါက တိုင်တန်းနိုင်ကြောင်း၊ “၀” အဖွဲ့အုပ်ချုပ်သည့်နေရာတိုင်းတွင် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တစ်ခုသာရှိပြီး အခြားပါတီမရှိဘဲ မဲပုံးထောင်ခွင့်လည်း မပြုထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ဒေသခံတစ်ဦးက Wa News Land သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

ယခင်ကတည်းက UWSA/ UWSP ထိန်းချုပ်ထားပြီး အစိုးရအုပ်ချုပ်ရေးယန္တရားများမရှိသည့် ဒေသများတွင် ယခင်အစိုးရ အဆက်ဆက်ကတည်းက ရွေးကောက်ပွဲကျင်းပရန် အစိုးရဘက်မှ စီစဉ်တောင်းဆိုမှုများရှိသော်လည်း UWSA/ UWSP ဘက်က အကြိမ်ကြိမ်ငြင်းဆိုထားခြင်းဖြစ်သည်ဟု Wa News Land က ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် သြဂုတ်လဆန်းပိုင်းကလည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် “၀” အဖွဲ့ဌာနချုပ်တည်ရှိသည့် ပန်ဆန်းမြို့နှင့် မိုင်းလားအဖွဲ့ထိန်းချုပ်ထားသည့် မိုင်းလားမြို့များကို သွားရောက်ခဲ့ပြီး ၎င်းအဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခရီးစဉ်နှင့်ပတ်သက်ပြီး “၀” အဖွဲ့၏သတင်းထုတ်ပြန်ဖော်ပြမှုများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် “၀” ဒေသသို့  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ညွှန်ကြားချက်အရလာရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊  ပညာရေး၊ ကျန်းမာရေးအပြင် အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများ၊ မဲပေးသူများ၊ မဲရုံတာဝန်ကျသူများကို နှောင့်ယှက်ဟန့်တားပါက အရေးယူမည့်အချက်အပါအဝင် ပြစ်ဒဏ်များအဖြစ် အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှ  သေဒဏ်ထိချမှတ်နိုင်သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေ ပြဋ္ဌာန်းရခြင်း၏  ရည်ရွယ်ချက်များသည် (က) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊ (ခ)ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရန်၊ (ဂ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ (ဃ) မဲရုံနှင့် မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent