■ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ဟုဆို
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zheng တို့ ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ ၂ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zheng တို့သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် SCO အဖွဲ့အစည်းသည် အရှေ့တောင်အာရှ နိုင်ငံများအတွက် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့တွင် ပါဝင်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမူအခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ အေးအတူ ပူအမျှ အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအပြန်အလှန် အထောက်အကူပြုလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားစီးပွားရေးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မတ်လအတွင်း လှုပ်ခတ်ခဲ့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် တရုတ်နိုင်ငံ အနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ် ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။















