PSG အသင်းသည် ပြင်သစ်ဖလား (Coupe de France) ချန်ပီယံဆုကို ၁၆ ကြိမ်မြောက် ဆွတ်ခူးရရှိပြီး ဖလားသုံးလုံးချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၅ ရာသီ ပြင်သစ်ဖလားဗိုလ်လုပွဲကို မေ ၂၄ ရက်က Stade de France ကွင်း၌ ကျင်းပရာ PSG အသင်းက Reims အသင်းကို (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ သည်။
PSG အသင်းအတွက် အနိုင်ဂိုးများကို တောင်ပံကစားသမား ဘာကိုလာက ၁၆၊ ၁၉ မိနစ်နှင့် ညာနောက်ခံလူ ဟာကီမီက ၄၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။
PSG အသင်းသည် ပြင်သစ်ဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးစံချိန်တင်ထားပြီး နောက်ဆုံးနှစ်နှစ်ဆက်အပါအဝင် စုစုပေါင်း ၁၆ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်သည်။
ထို့ပြင် PSGအသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ လီဂူး-၁ ချန်ပီယံဆုရရှိထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတက်ရောက်ထားသဖြင့် သမိုင်းဝင် ဖလားသုံးလုံး ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဥရောပတွင် ပြည်တွင်းလိဂ်၊ ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) သုံးခုစလုံး တစ်ပြိုင်တည်းရရှိဖူးသည့်ကလပ် ရှစ်သင်းသာရှိပြီး ၁၉၆၆-၆၇ ရာသီတွင် ဆဲလ်တစ်၊ ၁၉၇၁-၇၂ ရာသီတွင် အေဂျက်စ်၊ ၁၉၈၇-၈၈ ရာသီတွင် PSV၊ ၁၉၉၈-၉၉ ရာသီတွင် မန်ယူ၊ ၂၀၀၈-၀၉ နှင့် ၂၀၁၄-၁၅ ရာသီတွင် ဘာစီလိုနာ၊ ၂၀၀၉-၁၀ ရာသီတွင် အင်တာမီလန်၊ ၂၀၁၂-၁၃ နှင့် ၂၀၁၉-၂၀ ရာသီတွင် ဘိုင်ယန်မြူးနစ်၊ ၂၀၂၂-၂၃ ရာသီတွင် မန်စီးတီးအသင်းတို့ ရရှိခဲ့ခြင်းဖြစ်သည်။
ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မေ ၃၁ ရက်တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Allianz Arena ကွင်း၌ PSG နှင့် အင်တာမီလန်အသင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။















