■ စပါးအသင်း ကစားသမားသုံးဦး ဆုတံဆိပ်မရခြင်းအတွက် UEFA တောင်းပန်

■ စပါးအသင်း ကစားသမားသုံးဦး ဆုတံဆိပ်မရခြင်းအတွက် UEFA တောင်းပန်
Published 23 May 2025

ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးတွင် ချန်ပီယံ စပါးအသင်း ကစားသမားသုံးဦး ဆုတံဆိပ်မရခြင်းအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က တောင်းပန်ခဲ့ကြောင်း သိရသည်။

မေ (၂၁) ရက်က စပိန်နိုင်ငံ၊ ဘီလ်ဘာအို မြို့၌ ကျင်းပသည့် All English Final ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် စပါးအသင်းက မန်ယူအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ 

ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ရာတွင် စပါး အသင်းခေါင်းဆောင် ဆွန်ဟောင်မင်၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသူ ရိုမဲရိုးနှင့် ဘန်တန်ကာတို့သုံးဦး ဆုတံဆိပ်မရခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

    

UEFA ၏ စည်းမျဉ်းအရ ချန်ပီယံဖြစ်သည့်အသင်းနှင့် ဒုတိယရရှိသည့်အသင်း အတွက် ဆုတံဆိပ် (၅၀) စီ ပေးအပ်ချီးမြှင့်သော်လည်း ကွင်းအတွင်း ချီးမြှင့်ရာတွင် (၃၀) စီသာ ပြင်ဆင်ထားပြီး ကျန် (၂၀) ကိုမူ အခမ်းအနားပြီးမှသာ ပေးအပ်ခြင်းဖြစ်သည်။ 

စပါးအသင်း ကစားသမားများအနက် ဒဏ်ရာကြောင့် အနားယူနေရသည့် မက်ဒီဆန်၊ ဗာနာ၊ ဘက်ဗားလ်၊ ကူလူဆက်ဗ်စကီးတို့က ဝတ်စုံပြည့်ဖြင့် ဆုလက်ခံရယူခဲ့သလို ဒုတိယရာသီဝက်ကာလတွင် ဝက်စ်ဘရွန်းအသင်း၌ အငှားသွားရောက်ကစားနေသည့် လန့်ရှီးယားမှာ လည်း ဆုတံဆိပ်ရရှိခဲ့သောကြောင့် ဆွန်ဟောင်မင်၊ ရိုမဲရိုး၊ ဘန်တန်ကာတို့အတွက် ဆုတံဆိပ်မကျန်တော့ခြင်းဖြစ်သည်။

    

သို့ဖြစ်ရာ UEFA က စပါးအသင်းအား တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရကစားသမားများအပါအဝင် မျှော်မှန်းထားသည့်ပမာဏထက်ပို၍ စင်မြင့်ပေါ်ရောက်လာသူများကြောင့် မလုံလောက်ခြင်းဖြစ်ကြောင်း၊ လိုအပ်နေသည့် ဆုတံဆိပ်များကို အဝတ်လဲခန်းသို့ လျင်မြန်စွာပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent