■ ယခုရာသီကုန်တွင် အန်ဆယ်လော့တီနှင့် လမ်းခွဲမည်ဟု ရီးယဲလ်အသင်း အတည်ပြုကြေညာ

■ ယခုရာသီကုန်တွင် အန်ဆယ်လော့တီနှင့် လမ်းခွဲမည်ဟု ရီးယဲလ်အသင်း အတည်ပြုကြေညာ
Photo: Getty Images
Photo: Getty Images
Published 23 May 2025

ယခုရာသီကုန်တွင် အန်ဆယ်လော့တီ နှင့် လမ်းခွဲမည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းက မေ ၂၃ ရက်တွင် အတည်ပြုကြေညာခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင် မီ အလွန်ဆိုကို ခန့်အပ်ဖွယ်ရှိကြောင်း သိရ သည်။

အသက် (၆၅) နှစ်ရှိပြီဖြစ်သည့် အီတလီနိုင်ငံသားနည်းပြ အန်ဆယ်လော့တီနှင့် ရီးယဲလ်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်အထိဖြစ်ပြီး တစ်နှစ်ကျန်ရှိနေသော်လည်း ယခုရာသီကုန်မှာပင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ယခုရာသီတွင် El Clasico ပြိုင်ဘက် ဘာစီလိုနာအသင်းကို ပြိုင်ပွဲစုံ လေးပွဲစလုံး ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် အာဆင်နယ်အသင်းအား အရှက်တကွဲ နှစ်ကျော့စလုံးရှုံးနိမ့်ခြင်းမှာ လမ်းခွဲရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ဖွယ်ရှိသည်။

    

ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က ယခုနွေရာသီတွင် အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း မေလဆန်းပိုင်းကတည်းက ကြေညာထားပြီး ဖြစ်သည်။ 

ရီးယဲလ်အသင်းကလည်း စနေနေ့ (ယနေ့) ကစားမည့် ဆိုစီဒက်အသင်းနှင့်ပွဲမှာ အန်ဆယ်လော့တီ၏ နောက်ဆုံးပွဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ကာလိုအန်ဆယ်လော့တီတို့ဟာ ရီးယဲလ်မက်ဒရစ်မန်နေဂျာအဖြစ် သူ့ရဲ့အချိန်ကို အဆုံးသတ်ဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ။ အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဂန္ထဝင်တစ်ဦးအတွက် ကျေးဇူးတင်ကြောင်းနဲ့ ချစ်ခင်မှုကို ဖော်ပြလိုပါတယ်။ ကာလိုအန်ဆယ်လော့တီဟာ အသင်းရဲ့ (၁၂၃) နှစ်တာကာလ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအချိန်တွေ ကျော်ဖြတ်နိုင်အောင် ဦးဆောင်မှုပေးခဲ့ပြီး ဆုဖလားအများဆုံးနည်းပြ ဖြစ်လာပါတယ်။ သူက အသင်းနဲ့ အတူရှိနေခဲ့တဲ့ ခြောက်ရာသီအတွင်းမှာ ဆုဖလားစုစုပေါင်း ၁၅ လုံးရခဲ့ပါတယ်။ မနက်ဖြန်မှာတော့ ရီးယဲလ်မက်ဒရစ်မန်နေဂျာအဖြစ် သူ့ရဲ့နောက်ဆုံးပွဲကို ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ဂုဏ်ပြုအစီအစဉ်ပြုလုပ်မှာပါ။ သူနဲ့ သူ့ရဲ့မိသားစုဝင်တွေအားလုံး ကံကောင်းမှုတွေရရှိပြီး နောက်ထပ်အဆင့်တစ်ခု မှာ အောင်မြင်မှုတွေရရှိစေဖို့ ရီးယဲလ်မက်ဒရစ်အသင်းက ဆန္ဒပြုပါတယ်"ဟု ရီးယဲလ် အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    

ရီးယဲလ်ကစားသမားဟောင်းဖြစ်သည့် လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကလည်း ယခုရာသီကုန်တွင် လမ်းခွဲမည်ဟု ကြေညာထားသဖြင့် ၎င်းကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခန့်အပ်ဖွယ်ရှိနေသည်။

Most Read

Most Recent