ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဒေကိုက မိမိတို့ အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင် စျေးကွက်အတွင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး စျေးကွက်အတွင်းတွင် မိ်မိတို့ကြိုက်သည့် ကစားသမားများထဲ၌ ရပ်ရှ်ဖို့ဒ်နှင့် ဒီယက်ဇ်တို့ကဲ့သို့ ကစားသမားများ ပါဝင်သည်ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် မကြာမီကပင် အသင်းနည်းပြဖြစ်သူ ဟန်စီဖလစ်ခ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကာ အခြားသော ကြယ်ပွင့်ကစားသမားများဖြစ်သည့် ပတ်ဒရီ၊ ယမားလ်၊ ဂါဗီတို့ကဲ့သို့ ကစားသမားများအား နှစ်ရှည်စာချုပ်ချုပ်ဆိုရန်မှာ ဦးစားပေးအစီအစဉ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့အသင်းရဲ့ ရာသီတိုင်းမှာထားတဲ ့မျှော်လင့်ချက်ကတော့ အသင်းကို ပိုမိုအင်အားကြီး ထွားလာဖို့ပါ။ ဒါကြောင့် သက်တမ်းတိုးဖို့ လိုအပ်တဲ့ ကစားသမားတွေကို သက်တမ်းတိုးမှာဖြစ်သလို၊ ခေါ်ယူအားဖြည့်မှုတွေကိုလည်း ပြုလုပ်သွား မှာပါ။ စျေးကွက်အတွင်းကိုလည်း ကျွန်တော်တို့ ဝင်ရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ကြိုက်ပါတယ်။ လူးဝစ်ဒီယက်ဇ်ကိုလည်း ကြိုက်ပါတယ်။ တခြား ကျွန်တော်တို့ ကြိုက်တဲ့ ကစားသမားတွေလည်း ရှိပါတယ်"ဟု ဒေကိုက ပြောကြားခဲ့သည်။
လာမည့်နွေတွင် မန်ချက်စတာယူနိုက်တက်အသင်းမှ ထွက်ခွာမည်ဟု သတင်းထွက်နေသည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လိုနေကြောင်း သိရသည်။
လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်မှာလည်း အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှု အဆင်မပြေဖြစ်နေသဖြင့် အသင်းမှထွက်ခွာနိုင်ခြေရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။















