ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်အပြီးတွင် မန်ယူနိုက်တက်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သည့် ဂါနာချိုနှင့် အသင်းနည်းပြ ရူဘင်အာမိုရင်မ်တို့အကြား တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
စပါးအသင်းကို ရှုံးနိမ့်ခဲ့သည့် ယင်းဗိုလ်လုပွဲစဉ်တွင် ဂါနာချိုသည် ပွဲချိန် မိနစ် (၇၀) ဝန်းကျင်တွင်သာ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီး အသင်းနည်းပြ ရူဘင်အာမိုရင်မ်၏ ယင်းဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့် သဘောထားများ ပြသခဲ့သည်။
အာမိုရင်မ်သည် ယင်းပွဲစဉ်တွင် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရပြီး ယခုရာသီတွင် အသင်းအတွက် ပွဲကစားခွင့်နည်းခဲ့သည့် မေဆန်မောင့်ကို ပွဲထွက်အဖြစ် အသုံးပြုခဲ့ရာ ဂါနာချိုက ယင်းဆုံးဖြတ်ချက်အပေါ် ''ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်တော်က မိနစ်တိုင်း အပြည့်အဝကစားပေးခဲ့ပြီး အသင်းကို အကူအညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော် မိနစ် (၂၀) ပဲ ကစားခွင့်ရခဲ့တယ်။ ဘာကြောင့်လဲတော့ ကျွန်တော်မသိပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် အသင်းတွင် ဆက်ရှိနေရန် မသေချာသည့် သဘောထားကိုလည်း ဂါနာချိုက ''တစ်ရာသီလုံး အသင်းမှာ ပျော်ရွှင်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့အနာဂတ်အတွက် ဆုံးဖြတ်မှုမှာ ဗိုလ်လုပွဲက လွှမ်းမိုးမှုရှိနိုင်ပါတယ်။ ကျွန်တော် လာမယ့်နွေရာသီမှာ အသင်းမှာ ပျော်ရွှင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့''ဟု ပြောကြားခဲ့သည်။
ဂါနာချိုအပြင် သူ၏ အစ်ကိုဖြစ်သလို၊ အေးဂျင့်အဖြစ်လည်း ဆောင်ရွက်နေသည့် ရောဘတ်ဂါနာချိုကလည်း သူ၏ Instagram တွင် ''ချောင်ထိုးခံလိုက်ရတာပဲ။ သူမတူအောင် အလုပ်ကြိုးစားခဲ့တယ်။ ဖြစ်နိုင်တဲ့အခြေအနေတိုင်းကနေ အသင်းကို ကူညီခဲ့တယ်။ အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ဗိုလ်လုပွဲနှစ်ပွဲမှာ ဂိုးတွေ သွငး်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီဗိုလ်လုပွဲမှာတော့ ၁၉ မိနစ်စာပဲ အခွင့်အရေးရခဲ့တယ်''ဟု ရေးသားခဲ့သည်။
ရောဘတ်ဂါနာချိုသည် ၂၀၂၄ FA ဖလားဗိုလ်လုပွဲနှင့် ၂၀၂၄ ကွန်မြူနတီဒိုင်းပွဲစဉ်တို့တွင် ဂါနာချို ဂိုးသွင်းယူနိုင်ခဲ့ခြင်းအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျာနယ်လစ်အချို့က ဗိုလ်လုပွဲတွင် ဂါနာချိုအား ယခုထက်ပိုမိုစောပြီး အသုံးပြုသင့်သည်ထင်သလားဟု မေးမြန်းမှုအပေါ် အာမိုရင်မ်က ''ဒီလို အကြောင်းအရာတွေကို ကျွန်တော် ဘယ်နှကြိမ်တောင် ပြောနေရဦးမှာလဲ။ ဘီလ်ဘာအိုနဲ့ ပွဲမှာ မေဆန်မောင့် အပါအဝင် တချို့ကစားသမားတွေ ဝင်လာတယ်။ ပွဲကို ပြောင်းလဲပေးခဲ့တယ်။ အဲဒီပွဲမှာ အစောပိုင်း အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာဘယ်သူလဲ။ ဂါနာချိုမဟုတ်လား။ အခုအချိန်မှာ ကြံဖန်ပြီး ပြောမယ်ဆို ပြောစရာတွေအများကြီးပဲ'' ဟု ပြောကြားခဲ့သည်။















