ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ၂၀၂၄-၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိသူများကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ရာ စပါးအသင်းခေါင်းဆောင် နောက်ခံလူ ရိုမဲရိုးက အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး လိုင်ယွန်အသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား ချာကီက အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားကစားသမား ရိုမဲရိုးသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် စပါးအသင်း ချန်ပီယံဆု ရရှိခဲ့ရာ၌ အကောင်းဆုံးခြေစွမ်းပြခဲ့သောကြောင့် UEFA ၏ နည်းစနစ်လေ့လာရေးအဖွဲ့က အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိုမဲရိုးသည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် စုစုပေါင်း(၇)ပွဲသာ ပါဝင်ကစားခဲ့သော်လည်း ဗိုလ်လုပွဲအပါအဝင် ရှုံးထွက်အဆင့်ပွဲစဉ်များ၌ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လိုင်ယွန်အသင်း၏ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ချာကီမှာမူ ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ၌ (၁၂)ပွဲ ပါဝင်ကစားခဲ့ရသည်။
လိုင်ယွန်အသင်းအနေဖြင့် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသော်လည်း ချာကီသည် (၄)ဂိုးသွင်း၊ (၈)ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့သောကြောင့် အကောင်းဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
UEFA သည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ခဲ့ရာ ချန်ပီယံစပါးအသင်းမှ ကစားသမား (၄)ဦး ပါဝင်ခဲ့သည်။
အကောင်းဆုံးအသင်းတွင် ရွေးချယ်ခံခဲ့ရသည့် ကစားသမားများမှာ ဂိုး- ဗီကာရီယို(စပါး)၊ နောက် - ပေါ်ရို၊ ရိုမဲရိုး(စပါး)၊ ရော်ဘင်ကော့ချ်(ဖရန့်ဖတ်)၊ ယော်ကန်(ဘိုဒယ်ဂလင့်)၊ လယ်- ပတ်ထရစ်ဘာ့ဂ် (ဘိုဒယ်ဂလင့်)၊ ဘရူနိုဖာနန်ဒက်စ်၊ ကက်စီမီရို(မန်ယူ)၊ ရှေ့ - ချာကီ(လိုင်ယွန်)၊ ဆိုလန်ကီ(စပါး)၊ နီကိုဝီလီယံစ်(ဘီလ်ဘာအို)တို့ဖြစ်သည်။















