၂၀၂၄-၂၅ ဘောလုံးရာသီ ဘွန်ဒစ်လီဂါအကောင်းဆုံးဘောလုံးသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ဆွတ်ခူး

၂၀၂၄-၂၅ ဘောလုံးရာသီ ဘွန်ဒစ်လီဂါအကောင်းဆုံးဘောလုံးသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ဆွတ်ခူး
Photo: Bayern Munich X
Photo: Bayern Munich X
Published 22 May 2025

၂၀၂၄-၂၅ ဘောလုံးရာသီ ဘွန်ဒစ်လီဂါ အကောင်းဆုံးဘောလုံးသမားဆုကို ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ကစားသမားဘဝ ပထမဆုံးဆုဖလား ရရှိခဲ့သည့် ဟာရီကိန်းအတွက်  ထပ်ဆင့်အောင်မြင်မှုလည်း ဖြစ်ခဲ့သည်။

ဟာရီကိန်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်း (၃၁)ပွဲ ကစားရာတွင် (၂၆)ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှုမှာလည်း (၁၀)ဂိုးအထိ ရှိခဲ့သည်။

၎င်း၏ဂိုးပါဝင်ပတ်သက်မှု တစ်ပွဲပျမ်းမျှ (၁.၁)ဂိုးမှာလည်း ဘွန်ဒစ်လီဂါစံချိန်တင်ဖြစ်ခဲ့ကြောင်း သိရသည်။

''တစ်ရာသီအကောင်းဆုံးဘောလုံးသမားဆုဟာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုပါပဲ။ ဒီလိဂ်ပြိုင်ပွဲမှာ အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတချို့ ရှိပါတယ်။ ပြီးတော့ ဒီနှစ်ထဲမှာ ကျွန်တော်တို့ ဆုဖလား ရယူနိုင်ခဲ့ပြီး အနည်းငယ်ပိုကောင်းတဲ့အရာတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါက အဓိပ္ပာယ်များစွာ ရှိပါတယ်။ ကလပ်အသင်း၊ အသင်းဖော်အားလုံး၊ ဝန်ထမ်းအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်စကား ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မပါဘဲနဲ့ တကယ်တော့ ဒီအောင်မြင်မှုကို ရရှိဖို့ မဖြစ်နိုင်ပါဘူး။  ဒီဆုအတွက် ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီရာသီမှာ အရမ်းကြိုးစားခဲ့လို့ပါပဲ။ ဒီလိုဆုရတဲ့အရာရာတိုင်းက အပိုဆုတစ်ခုလိုပါပဲ''ဟု ဟာရီကိန်းက ကလပ်ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ဘိုင်ယန်အသင်းနှင့်အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အော့ကလန်စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

 

Most Read

Most Recent