အက်သလက်တီကိုအသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီးနောက် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် လီဗာပူးလ်အသင်းမှ ထွက်ခွာရန် နီးစပ်လာ

အက်သလက်တီကိုအသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီးနောက် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် လီဗာပူးလ်အသင်းမှ ထွက်ခွာရန် နီးစပ်လာ
Photo: X
Photo: X
Published 22 May 2025

လီဗာပူးလ်အသင်းမှ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် စပိန်ထိပ်သီး အက်သလက်တီကိုအသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဒါဝင်နူးနက်ဇ်သည် ၂၀၂၂ နွေရာသီတွင် ဘင်ဖီကာအသင်းမှ လီဗာပူးလ်အသင်းသို့ Add-ons ကြေးများအပါအဝင် ပေါင် (၈၅) သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။

သို့သော် ၎င်းသည် ပြောင်းရွှေ့ကြေးနှင့်ထို်က်တန်သည့် ခြေစွမ်းမျိုးုပြသနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် တောက်လျှောက်ရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် ဒါဝင်နူးနက်ဇ်သည် နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၄၆) ပွဲကစားခွင့်ရခဲ့သော်လည်း အများစုမှာ လူစားဝင်အဖြစ်သာ ပါဝင်ခွင့်ရခဲ့ကာ (၇) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ဒါဝင်နူးနက်ဇ်သည် လာမည့်နွေတွင် လီဗာပူးလ်အသင်းမှထွက်ခွာရန် ဆန္ဒရှိနေပြီး ၎င်းကို ခေါ်ယူရန် နာပိုလီ၊ အက်သလက်တီကိုနှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားခဲ့ကြောင်း သိရသည်။

ယခုအခါ စပိန်မီဒီယာများ၏ဖော်ပြမှုအရ ဒါဝင်နူးနက်ဇ်သည် အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ကစားရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် တိုက်စစ်ကစားသမား ကော်ရီယာ၏နေရာတွင် အစားထိုးရန်အတွက် ဒါဝင်နူးနက်ဇ်ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်းသည် ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့သော်လည်း လီဗာပူးလ်အသင်းထံ ကမ်းလှမ်းမှု မရှိသေးကြောင်း သိရသည်။

ဒါဝင်နူးနက်ဇ်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ဒါဝင်နူးနက်ဇ်အား ခေါ်ယူစဉ်က ပေးချေခဲ့ရသည့် ပေါင် (၈၅)သန်းကို အရှုံးခံရောင်းထုတ်ဖွယ်ရှိနေသော်လည်း အလွန်တရာစျေးလျှော့ပေးဖွယ်မရှိကြောင်း သိရသည်။

Most Read

Most Recent