မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမည့်ရာသီတွင် အသင်း၏လူအင်အားကို မလျှော့ချပေးပါက အသင်းမှ ထွက်ခွာမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။
နာမည်ကျော်နည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကမှ မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
သို့သော် ယခုအခါ ဂွါဒီယိုလာက မန်စီးတီးအသင်းတာဝန်ရှိသူများအနေဖြင့် လာမည့်ရာသီတွင် အသင်းလူအင်အားကို လျှော့ပေးရန် အလိုရှိနေခြင်းဖြစ်သည်။
ယခုရာသီ မန်စီးတီးအသင်း၏ပထမအသင်းလူစာရင်းမှာ ကစားသမား (၂၈) ဦးအထိ ရှိနေသည်။
ထို့ကြောင့် ကစားသမားအချို့မှာ ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည့်အတွက် ဂွါဒီယိုလာက အသင်း၏လူအင်အားကို လျှော့ချပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး မလျှော့ချပေးပါက အသင်းမှထွက်ခွာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက ''လူအင်အားအများကြီး မလိုဘူးလို့ အသင်းကို ကျွန်တော် ပြောပြီးသားပါ။ ကစားသမား (၅) ယောက်၊ (၆) ယောက်လောက်ကို ပွဲကစားခွင့်မပေးဘဲ ကျွန်တော် မထားချင်ပါဘူး။ အသင်းရဲ့လူအင်အားကို လျှော့ချပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်တော့်အနေနဲ့အသင်းကနေ ထွက်ခွာမှာပါ။ ကစားသမားတွေ ပွဲကစားခွင့်မပေးဘဲ ထားဖို့ဆိုတာ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်ပါဘူး။ ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝနေချိန်မှာ ကစားသမား (၂၄)၊ (၂၅)၊ (၂၆) ဦးအထိ ရှိနေဖို့ မလိုပါဘူး''ဟု ပြောကြားခဲ့သည်။















