မန်ယူအသင်းသည် ဝုလ်ဗ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာကို ပေါင်(၆၂.၅) သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ကူညာ(၂၅ နှစ်)သည် ဝုလ်ဗ်အသင်းတွင် ခြေစွမ်းပြနေသောကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံနေရပြီး ၎င်းကလည်း ရာသီကုန်ချိန်၌ အသင်းပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ဝန်ခံထားသည်။
ကူညာသည် ဝုလ်ဗ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ထိပ်တန်းအဆင့်အသင်းတစ်သင်းထံ ပြောင်းရွှေ့ကစားရန် စီစဉ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ဝုလ်ဗ်အသင်းက ၎င်းနှင့် ချုပ်ဆိုထားသည့် လျော်ကြေးစာချုပ်တန်ဖိုး ပေါင်(၆၂.၅)သန်း ပေးချေပါက ရောင်းထုတ်မည်ဖြစ်ပြီး ယခုအခါ မန်ယူအသင်းက အဆိုပါစာချုပ်လျော်ကြေးအတိုင်း ပေးချေ၍ ခေါ်ယူနိုင်ရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ကူညာကို ခေါ်ယူရန် ပြီးခဲ့သည့်လကတည်းက ချဉ်းကပ်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်၍ လာမည့်နွေရာသီအတွက် ပထမဆုံးခေါ်ယူမှု ဖြစ်လာဖွယ်ရှိကြောင်း Daily Mail က သုံးသပ်ဖော်ပြခဲ့သည်။
သို့သော် ကူညာသည် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိသည့်အသင်းထံ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည့်အတွက် မန်ယူအသင်း၏ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရလဒ်ကို စောင့်ကြည့်ပြီးမှသာ အဖြေပေးဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်၌ ဇယားအောက်ခြေ ရောက်နေသော်လည်း ယူရိုပါလိဂ်တွင် ဗိုလ်စွဲပါက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည်ဖြစ်သည်။















