■ FIFA ကွန်ဂရက်သို့ ဥက္ကဋ္ဌ အင်ဖန်တီနိုရောက်ရှိချိန် နောက်ကျသဖြင့် ကိုယ်စားလှယ်များ လမ်းလျှောက်ထွက်ခွာ၍ ဆန္ဒပြ

■ FIFA ကွန်ဂရက်သို့ ဥက္ကဋ္ဌ အင်ဖန်တီနိုရောက်ရှိချိန် နောက်ကျသဖြင့် ကိုယ်စားလှယ်များ လမ်းလျှောက်ထွက်ခွာ၍ ဆန္ဒပြ
Published 16 May 2025

ပါရာဂွေးနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ကွန်ဂရက်သို့ ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနိုရောက်ရှိချိန် နောက် ကျသဖြင့် ကိုယ်စားလှယ်များ လမ်းလျှောက်ထွက်ခွာ၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။

(၇၅) ကြိမ်မြောက် FIFA ကွန်ဂရက်ကို မေ (၁၅) ရက် ဒေသစံတော်ချိန် နံနက် (၁၀) နာရီခွဲတွင် စတင်ရန် စီစဉ်ထားသော်လည်း ဥက္ကဋ္ဌ အင်ဖန်တီနိုမှာ နှစ်နာရီကျော်နောက်ကျပြီးမှ ရောက်ရှိလာသည်။ 

အင်ဖန်တီနိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ အရှေ့အလယ်ပိုင်းဒေသသို့ သံတမန်ခရီးစဉ် သွားရောက်ရာတွင် လိုက်ပါသွားခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌ ဆယ်ဖယ်ရင်ဦးဆောင်သည့် ကိုယ်စားလှယ်များက အစည်းအဝေးခေတ္တ ရပ်နားပြီးနောက် ပြန်လည်စတင်ချိန်တွင် မလာတော့ဘဲ လမ်းလျှောက်ထွက်ခွာ၍ ဆန္ဒပြခဲ့ကြသည်။

    

ယင်းကဲ့သို့ ဆန္ဒပြသူများအနက် UEFA ဥက္ကဋ္ဌ ဆယ်ဖယ်ရင်၊ ဥရောပကိုယ်စားပြု FIFA ဒုဥက္ကဋ္ဌများဖြစ်သည့် ကာဆန်ယီ (ဟန်ဂေရီ) နှင့် ဟူးဝစ် (အင်္ဂလန်)တို့အပါအဝင် ဂျာမနီ၊ နော်ဝေ၊ ရိုမေးနီးယားနှင့် ကွန်ကာကပ်ဖ်ဒေသမှ ကိုယ်စားလှယ်များလည်းပါဝင်ကြောင်း သိရသည်။ 

ထို့ကြောင့် ခေတ္တရပ်နားချိန်အပြီး အစည်းအဝေးပြန်လည်စတင်ချိန်တွင် ထိုင်ခုံ (၃၇) နေရာအထိ လစ်လပ်နေခဲ့သည်။ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုကမူ ယခု ခရီးစဉ်တွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်များနှင့် အရေးပါသော ဆွေးနွေးမှုများတွင် ၎င်းအား ဘောလုံးကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ပြုသဖြင့် အရေးပါသည့် ခရီးစဉ်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent