နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂယ်ရီနဗီးလ်က လီဗာပူးလ်နောက်ခံလူ အာနိုးလ်၏ ကစားသမားဘဝမှာ မေဂျာလိဂ်တွင် အဆုံးသတ်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။
အာနိုးလ်သည် လာမည့်နွေရာသီတွင် လီဗာပူးလ်နှင့် လမ်းခွဲပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။
ထို့ကြောင့် ဂယ်ရီနဗီးလ်က "အာနိုးလ်က ရီးယဲလ်အသင်းမှာ သုံးနှစ်၊ လေးနှစ် ဒါမှမဟုတ် ငါးနှစ် ကစားမယ်လို့ ထင်ပါတယ်။ ပြီးရင်တော့ သူ အမေရိကန်ကို သွားလိမ့်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဂယ်ရီနဗီးလ်က ရီးယဲလ်မက်ဒရစ်အသင်းသည် အာနိုးလ်က ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် အကွက်ချကြိုးပမ်းခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းကို အသက် (၉) နှစ်ကတည်းက ရောက်ရှိလာခဲ့သည့် အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်သည် ဧပြီလအစောပိုင်းက အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇွန်လ (၃၀) ရက်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အာနိုးလ်ကို ဇွန်လ (၃၀) ရက်မတိုင်မီ ခေါ်ယူလိုနေသော်လည်း လီဗာပူးလ်အသင်းအနေဖြင့် လျော်ကြေးမရပါက လက်လွှတ်ဖွယ်မရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။















